လေကြီးမိုးကြီး ၀ုန်းဒိုင်း ဆိုလို့ လက်တလော ဖြစ်သွားတဲ့ Nargis တော့မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ၃နှစ်လောက်က ချောင်းသာမှာ မိခဲ့တဲ့ မုန်တိုင်းတစ်ခုပါ (မုန်တိုင်းနာမည်က မာလာဆိုပဲ)။ ချောင်းသာကို ရွက်လှေအဖွဲ့ချုပ်နဲ့ နှစ်တိုင်း နွေကျောင်းပိတ်ရက် မတ်လ လယ်လောက်ဆို Camp ရက် ၅၀ လောက်ဝင်လေ့ရှိတယ်။ ၉ တန်းတုန်းက Asean ပြိုင်ပွဲပြီးတော့ Training ၁ နှစ်လောက်ပြတ်သွားတယ်။ ၁၀တန်းဖြေပြီးတော့ ပြန်တော့ စီးဦးမှပါဆိုပြီး Training လိုက်မယ်လို့ စာရင်းပေးထားလိုက်တယ်။
Training ချိန်တွေဆို လှေတွေဆင်ပြီး ရေထဲဆင်း... 
ဒီလိုပဲပုံမှန်လုပ်နေကျအတိုင်း လေ့ကျင့်ရေးဆင်းနေတာ။ သိပ်တောင်မစီးရသေးဘူး ၄-၅ ရက်လောက်နေတော့ မုန်တိုင်းတစ်ခု ဒီဘက်ကိုဦးတည်လာနေတယ်တဲ့ အဲဒါ Training ခဏနားရမယ်ဆိုပြီး ၂ရက်လောက်နားရတယ်။ ဒုတိယရက် ညနေလောက်ကျတော့ လေပြင်းတွေက တောက်လျှောက်တိုက်လာတယ်။ ကမ်းစပ်က လှိုင်းတွေကလည်း တဖြည်းဖြည်း ကြီးလာတယ်။ ဒါနဲ့ပဲ အခြေနေမကောင်းလှဘူးဆိုပြီး
သောင်ပြင်ကရွက်လှေတွေကို Camp ၀င်းထဲထိသိမ်း၊ ဖြုတ်စရာရှိတာဖြုတ်၊ သေချာခိုင်အောင်လုပ်ကြရတယ်။ ညပိုင်းကိုတော့ သတိဝီရိယလေးနဲ့ တညလုံးမအိပ်ပဲ နေနေကြတယ် (ဖဲခိုးရိုက်ကြတယ်ဆိုပါတော့)။ ညပိုင်းတလျှောက်လုံးက မိုးကြီးတွေရွာ၊ သစ်ကိုင်းတွေကျိုး၊ အုန်းသီးတွေကြွေနဲ့။ မနက်မိုးလင်းတော့ လေကငြိမ်သလိုလိုရှိသွားတယ်။ ဒါနဲ့အားလုံး Breakfast စားပြီး မိုင်လို ပူပူနဲ့ ထမင်းစားဆောင်မှာ နေနေကြတယ်။ မိုးကတော့ ဆဲမလိုလိုနဲ့ ပြန်သည်းလာတယ်။ မနက် ၈နာရီခွဲလောက်ကျ ကိုယ့်အဆောင်ကိုယ် ပြန်ကြရော။ အဲဒီချိန်မှာ Beach Master နဲ့ Crew တွေက အခြေနေကြည့်နေတယ်။ အခြေနေကတော့ သိပ်မကောင်းလှဘူး။ ကမ်းစပ်ကလှိုင်းတွေက ပိုကြီးလာပြီး လမ်းပေါ်ထိရောက်နေပြီ။
မကြာပါဘူး ၀င်းထဲထိဝင်လာရော... ဒါနဲ့ အပြင်မှာကျန်နေသေးတဲ့ စက်လှေကြီးတွေ မျောနိုင်တယ်ဆိုပြီး ကြည့်နေကြတဲ့ Beach Master နဲ့ Crew တွေက ပြေးပြီးသိမ်းဖို့ ယောက်ျားလေးတွေကိုလှမ်းခေါ်တယ်။ စက်လှေကြီးတွေကို လူတွေပြုံပြီး ခြံဝင်းထဲထိ ဆွဲသွင်းလာကြတယ်။ အဲဒီချိန်မှာ လေကော မိုးကော က တော်တော်ကြမ်းနေပြီ၊ ရေကလည်း ဒလဟောကို ၀င်တော့တာပဲ။
မိုးကသည်း ၊အုန်းသီးတွေကလည်းကြွေ၊ အောက်ကိုလည်း ခလုတ်မတိုက်အောင် ကြည့်ရှောင်ပြီး လှေတွေကို ရအောင်သိမ်းလိုက်ကြတယ်။ နောက်တော့ Camper တချို့ကို နောက်ဘက်က ကိုင်းတောကြီးကို ဖြတ်ပြီး တောင်ပေါ်တက်မှ ဖြစ်မယ်ဆိုပြီး လူကြီးတစ်ယောက် ခေါင်းဆောင်ပြီးခေါ်သွားတယ်။ ကျနော်လည်း ရောယောင်ပြီးလိုက်သွားရတာပေါ့။ အဲဒီချိန်မှာ ရေက ကိုင်းတောကိုပါ တက်စပြုလာပြီ။ ကိုင်းတော
စဖြတ်တော့ အဆောင်ရဲ့ အုတ်ခုံ အဆင်းမှာ အကောင်တွေ ပြွတ်နေတာပဲ။ ကင်းခြေများတွေရယ် ကင်းမြီးကောက်တွေရယ်တော့ မြင်လိုက်တယ်။ ပြီးတော့ ဖြတ်ကြ ဖြတ်ကြ ဆိုတော့ ကျနော်က ရှေ့ဆုံးက... လက်တွဲပြီး ဖြတ်ကြရော။ အဲဒီ့ချိန်မှာ ဘေးက မြွေလို့ထင်ရတဲ့ အကောင်တကောင်ကလည်း ဖလတ်ဖလတ်နဲ့ ရေပေါ်ကနေ ဖြတ်ပြေးသွားလေရဲ့။ မထူးဘူး ဖြတ်ကွာဆိုပြီး ရအောင်ဖြတ်ကြတယ်။ ဒီလိုနဲ့တောင် စပ်နား အပေါ်မရောက်တရောက် လောက်ကနေ အခြအနေလှမ်းကြည့်နေတယ်။ အဲဒီချိန်မှာ မိန်းကလေးတချို့ ကငိုရော။ အစကတော့ သြော်မိန်းကလေးတွေပဲ ကြောက်တော့ ငိုမပေါ့လို့တွေးမိတယ်။ လုံးဝအံ့သြသွားတာက သူတို့တွေက ကြောက်လို့ ငိုတာလုံးဝမဟုတ်ဘူး။ အောက်မှာကျန်ခဲ့တဲ့ လူတွေ လူကြီးတွေ အဖွဲ့သားတွေကို တ တ ပြီးငိုနေကြတာ။ ဒီလိုဒုက္ခတွေ့နေချိန်မှာတောင် သူများအတွက်တွေးပြီးပူနိုင်သေးတယ် (တကယ့်ကို လေးစားထိုက်ပါတယ်)
အဲဒီချိန်မှာတော့ အောက်မှာ Camp ၀င်းရေမြုတ်သွားပြီ။ လူကြီးတွေပဲ ကျန်ခဲ့တယ်။
လှေတွေ အပျက်အဆီးနည်းအောင်နဲ့ အခြေအနေကြည့်ရအောင် ဆိုပြီးနေခဲ့ကြတာ။ ရေက အဆောင်တွေထဲအကုန်ဝင်၊ ၀င်းထဲရပ်ထားတဲ့ ဘတ်စ်ကားဘီးလေးခုလုံး အဆုံးမြုပ်တယ်။ နောက်တော့ တောင်ပေါ်ကို လူကြီးတချို့တက်လာတယ်။ ဆောင်တွေယူလာပေးတဲ့ လူကြီးတွေရှိတယ်၊ Life Jacket တွေယူလာပေးတဲ့ လူကြီးတွေရှိတယ်။ ဒါနဲ့ ခဏ အချမ်းပြေဆိုပြီး လူတွေ ၀ိုင်းထိုင်လိုက်ပြီး ဆောင်တွေကို အားလုံး ပတ်ပြီးခြုံထားကြတယ်။ တော်တော်တော့ နွေးသွားတယ်။ အဲဒီ့ချိန်မှာ Physical Trainer ဆရာ ကအထုပ်တစ်ထုပ်လက်ထဲ ကိုင်ပြီးတောင်ပေါ်တက်လာတယ်။ သူ့ရဲ့ ပုလင်းတွေကိုစုပြီးထုပ်လာတာ(ဟီးသောက်ရချည်ရဲ့ပေါ့)။ ဆရာက မင်းတို့ အရမ်းချမ်းနေရင် ရော့တစ်ယောက် တစ်ငုံဆီသောက်ကြဆိုပြီး ဆောင်တွေပတ်ထိုင်နေတဲ့ ကျနော်တို့ထဲ ပုလင်းရှည် တစ်လုံးထည့်ပေးလိုက်တာ ပြန်ထွက်လာတော့ ပုလင်းက ဖင်ကပ်ပဲကျန်တော့တယ် (ဟီး သောက်ကောင်းသဗျ)။ လေက အဲဒီချိန်မှာ ကျမသွားတဲ့အပြင် ထပ်တောင်တက်လာသေးတယ်။ ဒါနဲ့ ဒီနေရာ (တောင်ပေါ်တနေရာ) က Safe မဖြစ်ဘူး၊ သစ်ပင်တွေဘာတွေ လဲနိုင်တယ်ဆိုပြီး နည်းနည်းထပ် တက်ကြတယ်။
တောင် ထိပ်နားတစ်နေရာရောက်တော့ အမိုးတွေလန်နေတဲ့ တဲတစ်လုံးတွေ့တယ်။ အဲဒီမှာ ခဏမိုးခိုနေကြတယ်။ အချိန်မေးကြည့်တော့ ၂ နာရီလောက်ရှိပြီတဲ့။ တော်တော်ဆာနေပါတယ်မှတ်တာ မိုးလင်းကတည်းက ၁ နပ်ပဲစားရသေးတာ။ ခဏကြာတော့ အောက်မှာကျန်ခဲ့တဲ့ Crew တွေ တစ်ယောက်ပြီးတစ်ယောက် ပြေးတက်လာကြရော။ အထုပ်ကြီးတွေထမ်းပြီး တောင်ပေါ်ကို ဖိနပ်မပါပဲ ပြေးတက်လာကြတာ(ကျေးဇူးတင်လိုက်တာ)အထုပ်ကြီးတွေ ဖြည်ကြည့်တော့ Camper တွေကိုယ်ဆီယူလာကြတဲ့ မုန့်တွေကို ရသလောက် မပျက်ဆီးတဲ့ဟာတွေ စုသယ်လာတာတဲ့။ အထုပ်ကြီးကို ၀ိုင်းမွှေလိုက်တာ မျိုးစုံထွက်လာတယ်။ ကျနော်လည်း ထောပတ်ဘူးကြီးတွေ့တာနဲ့ လာလရော့ ဆိုပြီး လက်သုံးချောင်းနဲ့ ကော်စားလိုက်တာ အီဆောင့်သွားတာပဲ။ ဗိုက်ကဆာတုန်းပဲ... အမကြီးတယောက်က တဲရဲ့ ထောင့်မှာတွေ့တဲ့ ဖင်မဲနေတဲ့ ဒန်အိုးစုတ်တလုံးကို ဆေးလိုက်တယ်၊ ပြီးတော့ ရွာနေတဲ့မိုးရေကိုထည့်၊ ပါလာတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို ဖောက် အမှုံ့မျိုးစုံထည့်ပြီး ရောမွှေပစ်လိုက်ပြီးတော့ စားချင်တဲ့လူလာစားကြတဲ့။ အဲဒီ့ သဲကျလိကျလိနဲ့ မာတောင့်နေတဲ့ ခေါက်ဆွဲအရည်ဖျော်ကို မသောက်နိုင်လောက်ဘူးလို့ထင်တာ ကုန်တာမှ မြန်သပ (ကျနော်တောင် နှစ်လုပ်လားစားလိုက်ရတယ်)။ ခဏကြာတော့ အဲဒီ့ သယ်လာတဲ့အကိုကြီးတွေပဲ နောက်တခေါက်ထပ်ရောက်လာတယ် သောက်ရေသန့်ဘူးကြီးတွေထမ်းပြီး။ အဆင်သင့် တဲထဲက ခွက်စုတ်ကို ဆေးပြီး ၀ိုင်းသောက်ကြတယ်။ တဖြည်းဖြည်းနဲ့ မိုးတော့ နည်းနည်းစဲစပြုလာပြီ။ လေကတော့ ပိုကြမ်းသည်ထက်ကြမ်းလာတယ်။ အချိန်က ၃ ခွဲလောက်ရှိပြီ။ ရွာထဲကို သွားရမယ်ဆိုပြီး တောင်ကို ပတ်ဆင်းလာကြတယ်။ တောလမ်းသလောမျိုးဖြစ်နေတော့ အဆူးပင်တွေတပုံကြီး.. ဖိနပ်ကလဲမပါနဲ့။ နောက်တော့ Camp ၀င်းထဲပြန်ဝင်ကြတယ်။ ရေကျသွားပေမယ့် သဲတွေဖုံးပြီးကျန်ခဲ့တယ်။
ကိုယ့်အဆောင်ကိုယ်ဝင်ပြီး ကျန်သလောက်ပစ္စည်းကို
ရသလောက်သယ်ပြီး ညကိုရွာထဲသွားအိပ်မှဖြစ်မယ်ဆိုပြီး ချီတက်လာကြတယ်။ Camp ရှိတဲ့နေရာက ရွာထဲနဲ့တော်တော်ဝေးတယ်။ သောင်ပြင်ကသွားလို့မရတော့ တောလမ်းကိုပတ်ပြီးသွားကြရတယ်။ တချို့နေရာကရေတွေလွှမ်းနေတုန်းပဲ။ ပြီးတော့ ချောင်းတစ်ခုကိုကျော်မယ့်တံတားရောက်ရော၊ ဖြစ်ချင်တော့ တံတားကနဲ့နေပြီ။ အဲဒါ ခပ်လန့်လန့်နဲ့ပဲ ဖြတ်လာကြတယ်။ ရွာထဲကို ဦးတည်ပြီးလျှောက်လာကြတယ်။
လမ်းမှာလဲ ဟိုတယ်တွေ အပျက်ပျက် အဆီးဆီးနဲ့။ ရွာထဲရောက်တော့ ၆ နာရီလောက်ရှိပြီ။
အဲဒါ လူကြီးတွေက ချက်ချင်း ထမင်းထုပ်တွေ ခေါက်ဆွဲထုပ်တွေ စီစဉ်ပေးတယ်။ မင်းတို့ အ၀စားကြဆိုပြီး (တယောက်တထုပ်) ဝေပေးတယ်။ အဲဒါ Coach ရော, Medical Officer ရော အားလုံးဟိုတယ်ရှေ့ (လမ်းဘေး) မှာထိုင်ပြီး လက်နဲ့ညစာကိုဖြေရှင်းလိုက်ကြတယ်။ အဲဒီအချိန် ကိုယ့်ကိုကိုယ် သတိထားကြည့်လိုက်တော့ စုတ်ပြတ်သတ်နေပြီ။ ဟိုတယ်ကလဲ ရေမလာမီးမလာနဲ့ နောက်ဆုံး ရေနည်းနည်း ရပြီဆိုတော့ ရေချိုး၊ ပါလာတဲ့ အ၀တ်တွေ မျှဝတ်ကြပြီး နားနေကြတယ်။ ဒီလိုကြီး ကြုံလာတော့ အိမ်တော့ အခြေနေ လှမ်းပြောဦးမှ ဆိုပြီး
ဖုန်းဆက်မယ်လုပ်တော့ Handphone ရေထိထားတယ်။ ဒါနဲ့ခြောက်အောင် လုပ်လိုက်တော့ကျ ဟိုတယ်နားတ၀ိုက်က လိုင်းမမိဘူး။ အဲဒါနဲ့ ရွာထဲက Exchange ရုံးကိုသွားခေါ်ကြမယ်ဆိုပြီး သွားကြရော။ ခေါ်မယ့် Exchange ရုံးကျတော့လည်း ရေမြုပ်နေလေရဲ့။ ဒါနဲ့ သောက်နေကျ လက္ဘရည်ဆိုင် လေးဆီသွားကြတယ်။ လက္ဘရည်ဆိုင်က အပင်ပိလို့ပြိုနေပြီ။ အဲတော့တွေ့တဲ့ဆိုင် ၀င်ထိုင်ကြရော။ အားလုံးက ကော်ဖီ လက္ဘရည် ကိုယ်ဆီမှာကြတယ်။ ကျနော်လည်း ညီလေး လက္ဘရည် ပုံမှန်တခွက်ကွာလို့မှာလိုက်တာ
ဆရာသမားက "အကို လက္ဘရည်ပုံမှန် မရဘူးဗျ" တဲ့။ ဒါဆိုဘာရလည်းမေးတော့ "ရိုးရိုးပဲရတယ်" တဲ့ (ဘာကွာလဲမသိဘူးနော်)။ ဒီလိုနဲ့ မုန့်စားပြီး ဟိုတယ်ဆီပြန်လာကြတယ်။ ဟိုတယ်ပြန်ရောက်တော့ Medical Officer က အခန်းထဲဝင်လာပြီး ကဲဘယ်သူတွေ ဘာဖြစ်ကြသေးတုန်းမေးတော့ တယောက်တမျိုး ၀ိုင်းပြကြပါလေရော။ ကျနော်ကျ ခြေဖ၀ါးဆူးဆူးသလိုပဲလို့ပြောလိုက်တာ MO က ပြစမ်းဆိုယူကြည့်တော့ လားလား.. ခြေဖ၀ါးတပြင်လုံးနီးပါးပဲ ဆူးတွေအပြည့်။ တချို့ဟာတွေဆို အထဲမှာတောင် ကြေနေပြီ။ အဲဒါ MO ကနှုတ်၊ သူငယ်ချင်းတယောက်က အရက်ပြန်ပွတ်၊ နောက်တယောက်က ဓာတ်မီးထိုးနဲ့ ၀ိုင်းပြီးလုပ်လိုက်တာ ဆူးတော့ကုန်သွားပါရဲ့၊ ခြေဖ၀ါးက အပ်ပေါက်ရာတွေနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ မနက်ရောက်တော့ ရန်ကုန်ပြန်ဖို့ ကားကရောက်နေပြီ။
Camp Site ကို တခေါက်ပြန်သွားပြီး ယူလို့ရသေးတာ ယူလိုရာယူပြီး အထုပ်ကိုယ်ဆီနဲ့ ပြန်လာကြရော။ ဒီလိုနဲ့ပဲ ရန်ကုန်ကို စုတ်စုတ်ပြတ်ပြတ်နဲ့ ပြန်ရောက်လာတော့တာပဲ။
သြော်.. မုန်တိုင်းမိချင်တော့ ၁ပတ်နောက် အကျမခံဘူး ပြေးပြီးတော့ကို ခံလိုက်တာ။ နဂို schedule နဲ့ဆို မုန်တိုင်းမိလို့ပြန်လာတဲ့သူတွေကို သွားကြိုနေပြီ။ ခုတော့လည်း.... (တဘ၀စာ ရေးစရာ ပြောစရာရတာပေါ့)















