၎ နှစ်တောင်ရှိခဲ့ပြီ အမေ....
ကြိုးစား ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေ....
ဒီ တစ်ရက်ရောက်တိုင်း တင်းထားသမျှ အားတွေ....
ဆင်းရဲခဲ့ရသမျှ ပင်ပန်းမှုတွေ....
ခဏလောက် ဖြေချလိုက်ချင်တယ်....
အတိတ်ကို ပြန်တူးဆွနေတာ မဟုတ်ပေမယ့်....
စာမျက်နှာ ဟောင်းတွေ ပြန်လှန်နေတာ မဟုတ်ပေမယ့်....
လွမ်းတယ် အမေ.... အမေ့သား လွမ်းတယ်....
ဆက်လက် ရှင်သန်နေရဦးမှာ သိပါတယ်....
ရုန်းကန် လှုပ်ရှား ရပ်တည် ပေးရဦးမှာလဲ သိပါတယ်....
ပင်ပန်း ဆင်းရဲ နာကျည်း မှုတွေကို တွေ့ကြုံ သင်ယူရဦးမယ် ဆိုတာလဲ သိပါတယ်....
မရှိတော့တာကို တမ်းတပြီး လွမ်းပြ နေတာ မဟုတ်ပေမယ့်....
နွေးထွေးတဲ့ အမေ့ရင်ခွင်ထဲ တစ်ခေါက်လောက်များ....
.
.
.
.
အမေ....
25 October, 2008
အောက်တိုဘာလ ၂၅ ရက်တစ်နေ့
16 September, 2008
...
နှလုံးသားအိမ် မီးလောင်သွားခဲ့တယ်
အမှောင်ကိုအသာချ တစ်သက် သားရဲ့အမေ့
အပြုံးများမှိန် အပြီးရှောင်သွားခဲ့တယ်
ကန့်လန့်ကာအသာချ ရက်များဆက်ရွှေ့
မျက်ရည်လုံးများတိမ် မစီးအောင်တားခဲ့လည်း
ဟန်ဆောင်လို့ပါမရ ဆက်သွားခဲ့သ၍
ပြုံးထားချိန် မစီးတောင် ကျခဲ့တယ်
ကျခဲ့တဲ့မျက်ရည်များဟာ ရှုပ်ပွ အကျည်းတန်နေမလားပဲ...
အမေ့ရဲ့ သားကြီး ဒုက္ခမီးလျှံတွေကြား အတောင်ကုန်ဖွင့်လို့ တိုးဝှေ့ကာ ပျံသန်းနေဦးမယ်...
အောင်မြင်မှုရဲ့ ရောင်စုံအလင်းတို့ ဟိုးရှေ့မှာ ယှက်သန်းနေတုန်းပဲ...
13 July, 2008
မျက်ရည်
"Nobody worths your tears and those who worth yours, won't make you cry" တဲ့။ အမေ ပြောဖူးတဲ့ "ဒီမှာငါ့သား မင်းဘယ်သူ့အတွက်နဲ့ မှငိုစရာအကြောင်းမရှိဘူး။ မင်းကယောက်ျားလေး။ မျက်ရည်မကျကောင်းဘူး။ ဘယ်သူမှလည်း သားမျက်ရည်နဲ့ မတန်ဘူး။ တကယ်တန်တဲ့ သူကလဲ သားကို မျက်ရည်ကျအောင်မလုပ်ဘူး" စကားကို သွားအမှတ်ရတယ်။ အဲဒီတုန်းက နားမလည်ခဲ့ပေမယ့် ခုနားလည်ပါပြီ အမေ။ သားငိုခဲ့ရဖူး တာတွေကလည်း တကယ်ကို မတန်ပါဘူး။ အကုန် ပူလို့ငိုခဲ့ရတဲ့ အတုယောင်တွေချည်းပါပဲ။ ဒါပေမယ့် သားမျက်ရည်နဲ့ တကယ်တန်တဲ့သူကို ရှာတွေ့ပြီအမေ။ အဲဒါ အမေကိုယ်တိုင်ပါပဲ။ လွမ်းမိတိုင်း မျက်ရည်လည်ခဲ့ပေမယ့် မကျခဲ့ရဘူး။ အမေ့ကို ပြုစုပေးခဲ့ရတာတွေ၊ အမေ့နောက်ဆုံးချိန်တွေမှာ ဘေးမှာရှိနေခဲ့ရတာတွေ၊ အမေပီတိဖြစ်လို့ ပြုံးခဲ့ရတဲ့ အချိန်တွေကို ပြန်လည် အမှတ်ရပြီး ဝေ့နေတဲ့ သားမျက်ရည်တွေ ကို ကျေနပ်မှုတွေက ပြန်လည်ဖုံးလွှမ်းသွားပါတယ်။ အစစ အရာရာကို ကြိုတွေးပြီး လူကောင်းသူကောင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့အမေ။ ကိုယ်တိုင် မပြုစုနိုင်တော့မှန်းသိလို့ ဘေးကနေ ကြိုတင် ဒေါက်ထောက်ပြီး ဖြောင့်မှန်အောင် လမ်းကြောင်းပေးထားခဲ့တဲ့ အမေ့ရဲ့ပျိုးပင်လေးတစ်ပင်လေ.. အခု အပင် ကြီးလာပြီ အမေရဲ့။ အရိပ်တွေပေးနိုင်တော့မယ့်အခါ သားအပေးချင်ဆုံး အမေ့ကိုများ ပေးခွင့်ရှိခဲ့ရင်..........
(သူ့သားတွေအတွက် အမြဲ ဂုဏ်ယူတတ်တဲ့ အမေ့ကို.. သား..ရှိခိုးဦးချ ကန်တော့လျှက်ပါ အမေ)
26 January, 2008
A chorus....
အမေ…
အားလုံးအတွက်ရင်ဆိုင်တဲ့အမေ…
သားသမီးများကိုခိုလှုံခွင့်ပေး….
ရေလိုကြည်လင်နေတဲ့ စိမ့်စမ်းအေးတစ်ခုလိုပဲ….
အမေ…
ပေးဆပ်ဖို့ရာတစ်ခုပဲတွေး….
နှစ်ပေါင်းလေးငါးဆယ်ကျော်ခဲ့သရွေ့….
မအိုမင်းတဲ့မေတ္တာတွေနဲ့ အနစ်နာခံတာသားရဲ့အမေ….
