28 December, 2008

ကျောင်းလခ ပေးလျှင်

ဒီရက်ပိုင်း ကျောင်းလခတွေ သွင်းရတယ်။ တချို့ ညီ၊ ညီမငယ်တွေ စမ်းတဝါးဝါးနဲ့ ဘယ်လိုပေးရမှန်းမသိဘူး ဖြစ်နေတယ်။ ကျောင်းသားသစ်တွေမှ မဟုတ်ဘူး ကျောင်းသားဟောင်း ဘော်ဒါတစ်ချို့လဲ လည်နေတာရှိတယ်။ ကျောင်းလခတွေက ပုံမှန်အားဖြင့် ကျောင်း Mid-Term ပိတ်ခါနီး၊ ပိတ်နေဆဲနဲ့ ပြန်ဖွင့်ဖွင့်ချင်းတွေမှာ တောင်းတတ်တယ်။ ကျောင်းလခကို ပုံစံ ၃မျိုးနဲ့ ပေးလို့ရတယ်။

ပထမ တစ်ခုက ကျောင်းစအပ်ကတည်းက GIRO ဆိုပြီး ဘဏ်နဲ့ချိတ်ပြီး အချိန်တန်ရင် သူ့အလိုလို နှုတ်သွားတာ။ ကျောင်းသားတစ်ချို့လုပ်ကြတယ်။ ကျနော်တော့ နှစ်စတုန်းက မလုပ်လိုက်မိဘူး။

နောက်တစ်နည်းက ကျောင်းက Main-Library နဲ့ မျက်နှာချင်းဆိုင်မှာ Finance Department ဆိုတာရှိတယ်။ အဲဒီမှာ သွားပြီး NETS နဲ့ပေးလို့ရတယ်။ ကျောင်းလခသွင်းဖို့ စာရွက်လာတဲ့အခါ ကျောင်းမှာ ငွေလက်မခံဘူး ဘာညာနဲ့ ရေးထားတတ်တယ်။ ဟုတ်ပါတယ်။ ငွေသားတော့ လက်မခံဘူး၊ ဒါပေမယ့် NETS နဲ့သွားပေးလို့ရတယ်။ ဒီတစ်ခေါက် တချို့ပြောကြတာ loan ယူထားမှ အဲဒီမှာ သွားပေးလို့ရတယ် လို့ပြောတယ်။ မဟုတ်ပါဘူး။ လူတိုင်းပေးလို့ရပါတယ်။ ကျနော်တောင် အဲဒီမှာသွားပေးလာတာ။

နောက်တစ်နည်းက စာရွက်ထဲမှာ လမ်းညွှန်ထားတဲ့အတိုင်း Standard Charter Bank မှာ ငွေသား သွားပေးလို့ ရပါတယ်။ အနီးဆုံးက Holland Village (Buona Vista) က ရုံးခွဲပါ။

တစ်ချက်သတိပေးချင်တာကတော့ ရက်လွန်ရင် ဒဏ်ကြေး $15 ပေးရတယ်ဆိုတာပါ။ အိမ်ကို စာရောက်ကတည်းက သွားပေးထားလိုက်တာ စိတ်ချရတယ်။ ။

(မအိဖြူရေးပေးတဲ့ လမ်းညွှန်ပါ | updated:3rd Jan,09)

Holland Village ကိုသွားချင်ရင် ကျောင်းကနေ ၁၀၆ စီးသွားနိုင်ပါတယ်။ ကျောင်းဖက်ခြမ်းကမဟုတ်ပဲ လမ်းကူးပြီးသွားရတဲ့ဖက်ကပါ။ ဘယ်မှာဆင်းရမလဲဆိုတော့၊ Bouna Vista mrt ကျော်ပြီး ရင် ကားက ဘယ်ဘက်ကို ချိုးသွားပါလိမ့်မယ်၊ ကားကွေ့ကွေ့ချင်း မှတ်တိုင်မှာ ဆင်းရမှာပါ။ ဆင်းပြီးရင် ၁၀မိနစ်လောက် လမ်းတစ်ခါပြန်လျှောက်ရပါမယ်။ ဘယ်လိုလျှောက်ရမလဲဆိုတော့၊ ကားမှတ်တိုင်ရဲ့ နောက်မှာ ဈေးတစ်ခုရှိပါတယ် အဲ့ဒီကနေ ကားလမ်းအတိုင်းလျှောက့်ရုံပါပဲ။ ဈေူးအဆောက်အဦးက နှစ်ခုရှိပါတယ်၊ ကားမှတ်တိုင်နောက်က အဆောက်အဦးမဟုတ်ပါဘူး။ အဲ့ဒီအတိုင်း ဆက်လျှောက်သွားပြီးမှ ရောက်တဲ့ ဒုတိယ အဆောက်အဦးမှာပါ၊ ပထမ guardian နဲ့ watson ကျော်သွားပြီးရင် POSB နဲ့ UOB bank နှစ်ခုကိုအရင် ဖြတ်ရပါမယ်။ နောက် ဆိုင် ၃ ခုလောက် ကျော်မှ Standard chartered Bank ကိုရောက်ပါတယ်။ အဲ့ဒီနေရာက တစ်ခြား bank တွေထက်စောပိတ်ပါတယ်။ စိတ်ချရအောင် ၃ နာရီ မထိုးခင်သွားတာအကောင်းဆုံးပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...

New Look, Fresh Start

၂၀၀၉ နှစ်သစ်ကို Blog အမြင်သစ်လေးနဲ့ ကြိုဆိုချင်တယ်ဆိုပြီး ဒီဇင်ဘာ လဆန်းလောက်တုန်းက စာအုပ်မှာ လိုချင်တာတွေ လျှောက်ခြစ်ထားခဲ့တာ။ ကျောင်းပိတ်ရက်မှာ လိုချင်တဲ့ပုံရအောင်လုပ်မယ်ဆိုပြီး လုပ်လိုက်တာမှာ ၃ပတ်လုံး အချိန်ကို ပလုံသွားတာပဲ။ အစကတော့ ၁ရက်နေ့မှ ပြန်ဖွင့်မယ်စဉ်းစားထားတာ၊ ခု လိုချင်တာတွေလဲ စိတ်တိုင်းကျပြီဆိုတော့ Blog ကို ကြိုပြီး မွေးနေ့လုပ်ပေးလိုက်တယ်။ Blog ကို ပြင်ရင်း လုပ်ရင်းနဲ့၊ ဟို gadget ထည့်လိုက် သည် widget ထည့်လိုက်နဲ့ နည်းနည်းတောင် လေးသွားပုံရတယ်။ လိုချင်တာကို စမ်းတဝါးဝါးနဲ့ပဲ ဟိုလူ့မေး သည်လူ့မေး ဟိုဟာဖတ် သည်ဟာဖတ်နဲ့ လုပ်လိုက်တာ တစ်ချို့ ကိုယ်လုပ်ခဲ့တာလေးတွေတောင် တော်တော်သဘောကျမိတယ်။ အထူးသဖြင့် Header ထဲက နေလုံး။ RSS ကို အဲလိုပုံစံနဲ့ လိုချင်တယ်လို့ စိတ်ကူးပဲ ရှိခဲ့တာ။ ဖြစ်နိုင် မဖြစ်နိုင်တောင် မသိဘူး။ ပြောရရင် RSS ဆိုတာတောင် ကိုမြတ်မင်းဟန်ရှင်းပြမှ သိတာ။ မသိတာတွေကို အချိန်ယူ ရှင်းပြပေးတဲ့ ကိုမြတ်မင်းဟန် နဲ့ ကိုဝေယံလင်းကြီးကို သည်ကနေ လှမ်းပြီး ကျေးဇူးတင်လိုပါတယ်။ ^_^ ပြောရရင် တော်တော်တော့ ပျော်ဖို့ကောင်းတယ်။ ကိုယ်နားမလည်တဲ့ field တစ်ခုမှာ လိုချင်တဲ့စိတ်ကူးအတိုင်း အကောင်ထည်ဖော်နိုင်လိုက်တဲ့ အရသာ တော်တော်ကောင်းတယ်။ =D စမ်းကြည့်။ ။

ဆက်ဖတ်ရန်...

27 December, 2008

BBQ စီစဉ်မယ်ဆိုရင်

ဒီရက်ပိုင်းက ပွဲတွေတစ်ခုပြီး တစ်ခုဆက်နေတယ်။ BBQ တွေလဲ အများကြီးပဲ။ BBQ တစ်ခုကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားဖို့ စီစဉ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းနည်းပြောပြချင်တယ်။ MRT station တွေတော်တော်များများနဲ့ ATM တွေနားမှာ ရှိတဲ့ AXS ဆိုတဲ့ စက်မှာအရင်သွားပြီး Booking လုပ်ရတယ်။ NETS နဲ့ ပေးပြီး booking လုပ်ရတာ။ ကောင်းတာကတော့ တစ်လလောက်ကြိုပြီး လုပ်ထားရင် စိတ်ချရတယ်။ ဒီလလိုမျိုး ပွဲကြပ်တွေနဲ့ ကြုံရင် ၂ လ လောက်ကတည်းက Booking လုပ်ထားရတယ်။ မဟုတ်ရင် နေရာမရဘူး။ ကဲ.. နေရာ Booking လုပ်ပြီးသွားရင် စားဖို့ စီစဉ်ရမယ်။ ကိုယ့်ဟာကိုယ် စားချင်တဲ့ အသားစိမ်း ငါးစိမ်းကို တွေ့တဲ့ ဈေးမှာ သွားဝယ်လို့ရသလို ကရိကထများတာ မခံနိုင်သူများအတွက် EZB ဆိုတဲ့ BBQ service တစ်ခုရှိတယ်။ အရင်တစ်ခေါက်က စမ်းပြီးမှာကြည့်တာ တော်တော်လေး အဆင်ပြေတယ်။ ပေးရတဲ့ service charge နဲ့ အဆင်ပြေမှုနဲ့ စာရင် တန်ပါတယ်။ သူက ဖုန်းဆက်ပြီး အချိန်၊ နေရာ နဲ့ ရက်ပြောရုံပဲ။ စိတ်ဝင်စားရင် ဒီမှာ သွားကြည့်လို့ရပါတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး BBQ စီစဉ်နိုင်ကြပါစေ။ ။

(မှတ်ချက် ။ ။ ကြော်ငြာခြင်းမဟုတ်ပါ။ အဆင်ပြေမှုကို ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။ =D )

ဆက်ဖတ်ရန်...

24 December, 2008

Malaysia သို့ တစ်ခေါက်

မနေ့က Malaysia ကို International Sutdents' Club က သူငယ်ချင်းတွေနဲ့ သွားတယ်။ နေ့ချင်းပြန်ပါပဲ။ မနက်အစောကို Kranji မှာတွေ့ကြပြီး Bus နဲ့ Woodlands က Immigration ကိုသွားကြတယ်။ အဲဒီကနေ အဆင့်ဆင့်သွားပြီး မလေးရှားရောက်သွားတယ် ဆိုပါတော့။ အဲဒီမှာ သူငယ်ချင်း နယ်ခံတစ်ယောက်က လာကြိုတယ်။ ပြီးတော့ JB City Square မှာ ပတ်ကြတယ်။ အတူပါလာတဲ့ အင်ဒို သူငယ်ချင်းက သူအရင်အခေါက်တွေ လာတုန်းက စားလို့အရမ်းကောင်းတဲ့ ဟောင်ကောင်ဆိုင် သိတယ်ဆိုပြီး လိုက်အရှာမှာ ဆာနေတဲ့ဗိုက်က အထဲမှာ စစ်ဖြစ်နေသလိုပဲ။ နယ်ခံသူငယ်ချင်းကလဲ ဟိုဆိုင်လား ဒီဆိုင်လားနဲ့ ကြိုးစားလိုက်ပို့ရှာတယ်။ နောက်ဆုံးကျမှ ကဲတွေ့ပြီဆိုပြီး ဝင်ထိုင်ကြ၊ မှာကြ၊ စားကြသောက်ကြပေါ့။ အဲတော့မှ အဲထဲက စစ်လဲ ငြိမ်းသွားတယ်။

စားပြီးတော့ ညနေကြည့်မယ့် ရုပ်ရှုင်ကို ဘာကားကြည့်မလဲ ဘယ်အချိန်ကြည့်မလဲနဲ့ တိုင်ပင် ငြင်းခုန်နေကြတယ်။ နောက်ဆုံး Transporter 3 ကြည့်ဖြစ်သွားတယ်။ နယ်ခံသူငယ်ချင်းက Asean မှာ ဒုတိယအကြီးဆုံး Shopping Mall ဆိုတဲ့ဟာကို သွားကြမယ်တဲ့။ အဲဒါ သူ့ကားက ၄ ယောက်ပဲဆံ့ ဆိုတော့ ကျန်တဲ့သူတွေက Bus နဲ့ ရွှေ့ကြတယ်။ ခရီးက နာရီဝက်လောက်ကြာတယ်။ Bus ကားပေါ်ကနေ ဟိုငေးသည်ငေးပေါ့။ မြို့ပုံစံနဲ့ အိမ်ပုံစံလေးတွေက တောင်ကြီးတို့ မန္တလေးတို့နဲ့ ဆင်ဆင်တူတယ်။ ဒီလိုနဲ့ Jusco ဆိုတဲ့ Shopping Mall ကိုရောက်ရော။ ကားနဲ့လာတဲ့ သူငယ်ချင်းတွေကို စောင့်ရင်း လျှောက်ကြည့်ကြတယ်။ ခဏကြာတော့ သူတို့ရောက်လာတယ်။ အားလုံး စုပြီး တစ်ထပ်ပြီး တစ်ထပ်လျှောက်ကြည့်ကြတယ်။ ပြီးတော့ Christmas အတွက် လက်ဆောင်လဲဖို့ဆိုပြီး ပစ္စည်းတွေဝယ်ကြတယ်။ ရုပ်ရှင်ချိန်က ၄ နာရီကျော်မှဆိုတော့ အချိန်က တော်တော်လေးရနေသေးတယ်။ လူစုခွဲပြီး ခဏ ကိုယ်ကြည့်ချင်တာ လျှောက်ကြည့်ကြသေးတယ်။ ပွဲချိန်နီးတော့ လူပြန်စုပြီး ရုပ်ရှင်ကြည့်ကြတယ်။ ရုံထဲက ပြန်ထွက်လာတော့ အားရပါးရပဲ ရုပ်ရှင်အကြောင်း ငြင်းနေခုန်နေကြတာ ပျော်စရာကြီး။ ငြင်းလို့ခုန်လို့ မောလဲမောရော ဗိုက်ထဲက အချက်ပြလာပါလေရော။ အဲဒါနဲ့ ဘာစားကြကောင်းမလဲမေးတော့ တစ်ယောက်က McDonald တဲ့၊ ဝိုင်းဝန်းကန့်ကွက်လိုက်ကြတာ ပွက်လောကို ရိုက်သွားတာပဲ။ ဒါနဲ့ နယ်ခံသူငယ်ချင်းက အကင်ဆိုင်ခေါ်သွားတယ်။

အကင်ဆိုင်က တုတ်ထိုးကင်လိုမျိုး ကင်တာမဟုတ်ဘူး။ ကိုယ့်ဟာကို ကင်စားရတာ။ Marina Bay ကလို မျိုးကင်တာလဲ မဟုတ်ပြန်ဘူး။

အသားစိမ်းကို မီးဖုတ်ထားတဲ့ တစ်ယောက်စာကျောက်ပြား ပေါ်မှာ ကိုယ့်ဟာကိုယ် ကင်စားရတာ။

အသားစိမ်းကို မီးဖုတ်ထားတဲ့ တစ်ယောက်စာကျောက်ပြား ပေါ်မှာ ကိုယ့်ဟာကိုယ် ကင်စားရတာ။ ဘာစားမလဲ ရွေးနေတုန်း Club Officer က ပြေးလာပြီး တိုးတိုးလေးပြောတယ်။ ငါတို့ဝိုင်းကို order လက်ခံနေတဲ့သူက မြန်မာနဲ့တူတယ်၊ ဟုတ်လား တဲ့။ အာ မဟုတ်လောက်ပါဘူးဆိုပြီး ခံငြင်းလိုက်တယ်။ Officer ကမေးကြည့်ပေါ့ဆိုတော့ ကျနော်နဲ့ သူငယ်ချင်း ဝကစ်နဲ့ ဟုတ်မဟုတ်ပြောနေကြတယ်။ ကျနော်လဲ "အာ.. မဟုတ်လောက်ပါဘူး ဟုတ်ရင် အကိုမြန်မာလား မေးသံကြားရင် ခေါင်းငြိမ့်မှာပေါ့" လို့ မေးသလိုလို ပြောသလိုလို ပြောလိုက်တယ်။ အဲဒီအကိုကြီးက ခေါင်းလှမ်းငြိမ့်ပြလေရဲ့။ အဲတော့မှ officer ကို မျက်နှာလေးဖြီးပြီး ဟုတ်ကြောင်း ပြန်ပြောလိုက်တယ်။ ကျနော်တို့ကို မြန်မာတွေဆိုပြီး အဲဒီအကိုကြီး ထောပတ်တွေယူပေး၊ ထမင်းတွေထည့်ဦးမလားမေး နဲ့ဧည့်ခံနေတာ။ အပြန်ကျ နှုတ်ဆက်တော့ တစ်ဆိုင်လုံးနီးပါးက စားပွဲထိုးတွေက ခေါင်းတွေငြိမ့်ပြီး ပြုံးပြတယ်။ လက်စသတ်တော့ တစ်ဆိုင်လုံးနီးပါး မြန်မာတွေဖြစ်နေတာကိုး။ ဒီလိုနဲ့ မိုးမချုပ်ခင် Singapore ကို ပြန်လာကြခဲ့တယ်။ ။

ဆက်ဖတ်ရန်...

22 December, 2008

22nd...



a present of sincerity...
a symbol of love...
a note of remembrance...
a few lines from me to say thank you so much for everything...
love ya n miss ya lots~

ဆက်ဖတ်ရန်...

21 December, 2008

ပွဲဆက်ခြင်း

မောင် Harry တစ်ယောက် ဒီရက်ပိုင်း ချာလပတ်ကို ရမ်းနေတာပဲ။ ပွဲတွေဆက်နေတယ်။ ဘယ်ကစလဲဆိုတော့..

သောကြာနေ့က..

အဲနေ့မနက် အစောကို Pasir Ris က သူငယ်ချင်း အိမ်မှာ သွားပြီး Philippines Community Service မှာ တင်ဆက်မယ့် ကြာဆံဟင်းခါး သွားချက်ကြည့်ရတယ်။ မောင် ပြည့်နဲ့ နှစ်ယောက်သား စမ်းတဝါးဝါးနဲ့ ရေးထားတဲ့ စာရွက်ကြည့် ပြီး အဖေသင်ပေးထားတာ မှတ်မိသလောက်ကို ပြန်ချက်ကြတာ။ ရွာကိုလည်နေတာပဲ။ မီးပြင်းပြီး ရေခမ်းခမ်းသွားလို့ ရေ ၃ခါလောက် လိုက်ရသေးတယ်။ အဲအိမ်မှာ ရှုပ်ရှက်ကို ခတ်နေတာပဲ။ ကျနော်တို့က မြန်မာ အစားအစာ တင်ဆက်တယ်။ အင်ဒို သူငယ်ချင်းက အင်ဒိုနီးရှား Satay လုပ်တယ်။ (အတော်စားကောင်းတယ် ဟိ)၊ တရုတ်သူငယ်ချင်းက ကြက်ဆီထမင်းချက်တယ်။(နည်းတောင် လေ့လာခဲ့သေးတယ်။) နောက်ထပ် အချိုပွဲတွေကော၊ Curry Puff တွေကော စုံနေတာပဲ လုပ်ကြတာ။ ပြီးတော့ အပြန်ကို East Coast က BBQ pit မှာ BBQ သွားစားကြတယ်။ ချက်ထားတဲ့ ဟင်းပေါင်းစုံသယ်သွားပြီး BBQ နဲ့ စားကြတာ။ ပြီးတော့ ညကို အဲမှာ ဝိုင်းထိုင်ပြီး သီချင်းတွေဆိုကြနဲ့။ ပျော်စရာကြီး။ ဒီလိုနဲ့ မိုးချုပ်ပြီး အချိန်လွန်မှပြန်ကြတာ MRT မမှီလို့ Bus ကားတစ်ဆင့် စီး၊ အိမ်ကို Taxi နဲ့ ပြန်ခဲ့ရလေသတည်း။










စနေနေ့...

နေ့လည်ကို အိပ်မှုံစုံဝါးနဲ့ထ။ ပြီးတော့ ညနေကျတော့ ကျောင်းက မြန်မာ ဘောလုံးအသင်း Final တက်သွားလို့ ဂုဏ်ပြုပေးတဲ့ ပွဲမှာ ဒုတိယံပိ BBQ သွားစားပြန်ရော။ ဒီအခါကျ West Coast မှာ။ တစ်ညလုံးစား ပြီးတော့ အဲနားမှာ လျှောက်ဆော့နဲ့ မောင်နှမတွေ တပြုံကြီး ဓာတ်ပုံတွေ ရိုက်ခဲ့ကြတယ်။ ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးရထားနဲ့ အိမ်ပြန်ရောက်ခဲ့လေ၏။

[Added 22nd Dec]






ဒီနေ့...

မနက်အစောကို ထ။ Jurong East ကိုသွား၊ လူစုပြီး မြန်မာ အသင်း Organizing Committee နဲ့ Science Centre နဲ့ Snow City ကိုသွားခဲ့ကြတယ်။ ပထမဆုံးအကြိမ် နှင်းအတုကို မြင်ဖူးတာပဲ (အစစ်တော့ မမြင်ဖူးသေးဘူး)။ တော်တော်တော့ လုပ်ထားတယ်။ အထဲမှာ အေးလို့။ (-6.2'C) တဲ့။ အဲမှာ တစ်စုကြီး နှင်းလျှောစီးကြတာ။ အခုတစ်ကိုယ်လုံး ကိုင်ရိုက်ထားတဲ့ အတိုင်းပဲ ခံစားနေရပြီ။ အဲဒါစီးပြီးတော့ Science Centre ထဲ လျှောက်ဆော့ကြတယ်။ အို... ရောက်ကတည်းက သွားမယ်သွားမယ်နဲ့ မရောက်ဖြစ်တဲ့နေရာ ဒီနေ့ရောက်ခဲ့လေပြီကိုး။ ကမြင်းလို့ ဝတော့ လူစုပြီး City Hall က အင်းလေးမှာ သွားရောက်စားသောက်ကြတယ်။ စားပြီးသောက်ပြီး တော့ လူတွေစုပြီး လက်ဆောင်တွေလဲကြ၊ ဓာတ်ပုံတွေရိုက်ကြပဲ။ ပျော်စရာကြီးတစ်နေ့လုံး။ (ခုတော့ အီစောင့်နေပြီ။ မျက်လုံးလဲ တစ်ဝက်ပဲကျန်တော့တယ်)

[Added 22nd Dec]




နက်ဖြန်...

International Student Club က အဖွဲ့တွေနဲ့ Malaysia, JB ကို သွားကြမှာ။ မနက် ၉နာရီကို Kranji မှာစုံမယ်ဆိုပဲ။ တစ်နေ့လုံး လည်ရပတ်ရဦးမယ် ဟိ။

ဆက်ရန်...

အဲဒါပြီးရင်တော့ ၂ ရက်လောက်နားသွားပြီ။ ပြီးရင် 25 ရက်နေ့ညကို သူငယ်ချင်းတွေစုပြီး လျှောက်သွားကြဦးမယ်။ Overnight ဖြစ်မယ်ထင်၏။


ကျနော့်လိုပဲ ကျောင်းပိတ်ရက်ကို ပျော်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...

08 December, 2008

မွေးနေ့

မွေးနေ့ တစ်ခေါက် တစ်ခေါက်ရောက်တိုင်း တွေးမိတယ်။ မနှစ်က ငါနဲ့ ဒီနှစ်ငါ ဘယ်လောက် တိုးတက်လာလဲလို့။ ကိုယ့်ဟာကိုယ် ဘက်စုံ ယှဉ်ကြည့်မိတယ်။ ကျန်းမာရေးကအစ စိတ်ဓာတ်ရေးရာက အဆုံး မျိုးစုံ စမ်းစစ်ကြည့်တယ်။ ဒီနှစ်ထဲမှာ ဘာတွေ လုပ်ခဲ့လဲ၊ ဘယ်လောက်လုပ်ခဲ့လဲ၊ ဘယ်သူတွေအပေါ် ဘယ်လောက်ကောင်းခဲ့လဲ ဆိုတဲ့ အတွေးတစ်ချို့လဲ ခေါင်းထဲ ခဏလောက်ဝင်လာတယ်။ ချုပ်လိုက်လို့ ရတဲ့ အဖြေက.. "ကြိုးစားဆဲပါ"။

မွေးနေ့တွေထဲမှာ ဒီနှစ်မွေးနေ့ နည်းနည်းထူးတယ်။ တစ်ခါမှ မွေးနေ့ ၃ ခါထပ် မလုပ်ဖူးဘူး။ ပြီးတော့ ကိုယ်က စီစဉ်ထားတဲ့ ဟာလဲမဟုတ်ဘူး။ လုပ်ပေးတဲ့ပွဲလေးတွေ။ တော်တော်ပျော်ရတယ်။ ဒါပေမယ့် ကံဇာတာအရ မောင် Harry ရဲ့ မွေးနေ့ ပွဲ ၃ခါလုပ်တာမှာ ၂ခါက အစည်းဝေးထဲမှာ။ (ဥုံ... တစ်နှစ်လုံးတော့ meeting မထိုင်ရပါစေနဲ့သား) =D တစ်နေ့လုံးစာအတွက် ကျေးဇူးတင်စကား နည်းနည်း ဆိုချင်တယ်။
မွေးနေ့အတွက် တစ်ကူးတစ်က လာပေးသော အဖေ၊ မိသားစု ထမင်းဝိုင်းလေး စီစဉ်ပေးသော ဦးရီးတော် မိသားစု၊ ည ၁၂ ဒေါင်ကို အချိန်တိုက်ပြီး wish သော ချစ်သူ၊ မွေးနေ့ကို အားကြိုးမာန်တက် စီစဉ်ပေးကြသော ညီအစ်ကို မောင်နှမများ၊ တစ်ကူးတစ်က ဖုန်းတစ်တန်၊ msg တစ်တန်၊ email တစ်တန် လှမ်း wish ကြသောညီအစ်ကို မောင်နှမများ နှင့် ကျေးဇူးတင်ထိုက်သူများအား မောင် Harry မှ ဘဝဂုဏ်ပြု မှတ်တမ်းသဝဏ်လွှာ တွင် ကဗျည်းမော်ကွန်း မှတ်တမ်းရေးထိုး ကျေးဇူးတင်အပ်ပါသည်။
(အဟိ.. ကျောက်စာ ရေးတာကျနေတာပဲ)

အဖေက နှစ်တိုင်း လက်ဆောင်ပေးနေကျပဲ။ ဒီနှစ်လဲ ပေးတယ်။ ပေးတဲ့ အပြင် စာအုပ်တစ်အုပ် ကိုလဲ ထပ်ကာထပ်ကာ ဖတ်လို့ မှာသွားတယ်။ဆရာဦးဖေမြင့် ဘာသာပြန်တဲ့ စာအုပ်တစ်အုပ်ပါ။ အထဲမှာ အဖေက သားကို မှာတဲ့ အမှာစာတွေပေါ့။ သူမှာချင်သမျှကို ချုံ့ပြီးများ ပုံနှိပ်ခိုင်းလိုက်သလား အောက်မေ့ရတယ်။ အရမ်း အကျိုးရှိတဲ့ စာအုပ်တစ်အုပ်ပါ။ နွေးထွေးတဲ့ စိတ်အားဆေးတွေ တစ်လှေကြီးပါတယ်။





ဒါကတော့ မွေးနေ့ အမှတ်တရ ဓာတ်ပုံတချို့ပါ... (ညက ပွဲရဲ့ ပုံတွေရှိရင်လဲ share ကြပါဦး)










ဆက်ဖတ်ရန်...

07 December, 2008

မြန်မာ့ရိုးရာ ကစားစရာ ထဲက Philosophy

ကျနော်တို့ March လထဲမှာ Philippines ကိုသွားပြီး Community Service Project တစ်ခုလုပ်ပေးရမယ်။ အဲဒီမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်း၊ အစားအစာနဲ့ လက်မှုပညာတွေကိုလဲ ပြသရမယ်တဲ့။ အဲတော့ ဘာတွေလုပ်ကြရ ဘာတွေတင်ဆက်ရကောင်းမတုန်း ဆိုပြီး ပြေးကြည့်တော့။ အဖေက အကြံပေးတယ်။ ပစ်တိုင်းထောင်လုပ်ပါလားတဲ့။ ဒါနဲ့ ကျနော်တို့လဲ သဘောတူလိုက်တယ်။ အဖေက တကူးတက မန္တလေးထိသွားပြီး ပစ်တိုင်းထောင်လုပ်နည်း ကို video မှတ်တမ်းတင်လာတယ်။ ပြီးတော့ Mold တွေ စက္ကူတွေလဲ သယ်လာတယ်။

ကျနော်လဲ ဘာရယ်မဟုတ်ဘူး မေးကြည့်တာပေါ့။ လက်မှုတွေထဲမှာ ဘာလို့ ပစ်တိုင်းထောင်ကို လုပ်ဖို့ idea ပေါ်လာတာလဲလို့။

ပစ်လိုက်တယ်၊ လိမ့်ဆင်းသွားတယ်၊ ဒါပေမယ့် တစ်ချိန်ချိန်မှာ ပြန်ထောင်ကို ထောင်ရမယ် ဆိုတဲ့ သဘောတရားက ပစ်တိုင်းထောင်မှာပါတယ်

အဖေကပြောတယ်။ ပစ်တိုင်းထောင်က သာမန်ကြည့်ရင်တော့ ကလေးကစားစရာပေါ့ တဲ့။ ဒါပေမယ့် အဲဒီထဲမှာပါတဲ့ Philosophy ကို ပြချင်လို့ သဘောကျလို့ စိတ်ကူးပေါ်လာတာတဲ့။ ပစ်လိုက်တယ်၊ လိမ့်ဆင်းသွားတယ်၊ ဒါပေမယ့် တစ်ချိန်ချိန်မှာ ပြန်ထောင်ကို ထောင်ရမယ် ဆိုတဲ့ သဘောတရားက ပစ်တိုင်းထောင်မှာပါတယ်။ လူ့ဘဝမှာ အမြင့်မှာချည်းပဲ ရှိမယ်လို့ ဘယ်သူမှ အာမှမခံထားဘူး။ တစ်ချိန်ချိန် လိမ့်ဆင်းသွားတတ်တယ်။ အဲဒီအချိန်မှာ ပြန်မတ်ကို မတ်နိုင်ရမယ် ဆိုတဲ့စိတ်အား လိုတယ်။ တစ်ကိုယ်တည်း ကျန်နေပါစေ ပြန်လည် ရပ်တည်နိုင်အောင် ကြိုးစားရမယ် ဆိုတဲ့ အားပေးမှုပုံစံကို ကစားစရာတစ်ခုအနေနဲ့ တင်ဆက်ထားတဲ့ အရုပ်တစ်ရုပ်ဖြစ်လို့ ပစ်တိုင်းထောင်ကို တင်ဆက်စေချင်တယ် တဲ့။


လဲရင် ပြန်ထ၊ ဒါဘဝပဲ

ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...

03 December, 2008

Blog Post Backups

ကျနော်ရေးခဲ့တဲ့ Some Back-Ups မှာပြောသလို ရေးထားတဲ့ post တွေကို Backup တကယ် လုပ်သင့်ပါတယ်။ ဒါပေမယ့် ရေးတာလဲ အတော်ခရီးပေါက်နေပြီ။ အခုမှ တစ်ခုခြင်းစီ Backup လုပ်ရအောင်လဲ အချိန်မပေးချင်ဘူးဆိုရင်။ ဒီ software လေးသုံးကြည့်ပါ။ Blogger Buster မှာ ညွှန်းထားတာ တွေ့လို့ သုံးကြည့်တာ တော်တော်အဆင်ပြေတယ်။ Post အားလုံး မပင်မပန်းပဲ သိမ်းပြီးသားဖြစ်သွားတယ်။ အဲဒီ Backup File တွေကိုပဲ ပြန်ပြီး Post အနေနဲ့လဲ တင်လို့ရတယ်။ သုံးကြည့်ပေါ့။ ။

ဆက်ဖတ်ရန်...

02 December, 2008

NYAA

NYAA ဆိုတာ ဒီနိုင်ငံ (စင်္ကာပူ) ကလုပ်ပေးတဲ့ National Youth Achievement Award ဆိုတဲ့ လူငယ်တွေအတွက် ပေးတဲ့ လူရည်ချွန်ဆု တစ်မျိုးပါ။ ၁၉၉၂ ခုနှစ်က စင်္ကာပူ သမ္မတ က စပေးလိုက်တဲ့ အစီစဉ်တစ်ခုပါ။ သူ့မှာ ရွှေ၊ ငွေ၊ ကြေး ရယ်လို့ ၃ဆု ခွဲထားပြီး လူငယ်တွေကို ဘက်စုံ ထူးချွန်အောင်နဲ့ ထူးချွန်သူတွေကို အသိအမှတ်ပြု တဲ့ ဆုတစ်မျိုးဖြစ်ပါတယ်။

ရွှေကို အသက် ၁၆ နှစ်မှ ၂၄ နှစ် အတွင်း လူငယ်များ၊
ငွေကို အသက် ၁၅ နှစ်မှ ၂၄ နှစ် အတွင်း လူငယ်များ၊
ကြေးကို အသက် ၁၄ နှစ်မှ ၂၄ နှစ် အတွင်း လူငယ်များ ရယူနိုင်ပါတယ်။

ကြေးကို ၆လ အနည်းဆုံး၊
ငွေကို ၁၂လ အနည်းဆုံး နှင့်
ရွှေကို ၁၈လ အနည်းဆုံး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

NYAA ရွှေ ကိုပဲ ပြောရမယ်ဆိုရင် ကျောင်းတွေ ဒါမှမဟုတ် NYAA council မှာ enroll လုပ်လိုက်ပါ။ သူ့မှာ ကဏ္ဍ ၅ ခုပါပါတယ်။ အဲဒါတွေကို သူသတ်မှတ်ပေးတဲ့ နာရီပေါင်း ကို လိုက်လုပ်နိုင်ပြီး မှတ်တမ်းနှင့်တကွ တင်ပြနိုင်ရင် ဆုရပါပြီ။

ကဏ္ဍ ၅ခုမှာ ဘာတွေပါလဲဆိုတော့

၁) Service :- ၁၂ လ အချိန် အတွင်းမှာ နာရီ ၆၀ စာ Community Service လုပ်ပေးရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက် ၂ခါလောက် ခွဲပြီး တပျော်တပါးကြီး လုပ်လိုက်ရင် နာရီ ၆၀ဆိုတာ အသာလေး ပြီးပါတယ်။

၂) Adventurous Journey :- တောင်တက် ဒါမှ မဟုတ် တောနက်ထဲကို အဖွဲ့နဲ့ တစ်ခေါက် သွားရမှာ ဖြစ်ပါတယ်။ သဘာဝကို ထိတွေ့ရမယ့် အပိုင်းဖြစ်လို့ ပျော်စရာကောင်းသလို အတွေ့ကြုံလဲ ရပါတယ်။ ကိုယ့်ဟာကို အဖွဲ့ဖွဲ့၊ စီစဉ်ပြီး သွားလည်းဖြစ်ပါတယ်။ SP International Student Club ကလဲ နှစ်တိုင်း မလေးရှားကို NYAA trip တစ်ခု စီစဉ်ပေးပါတယ်။ သူတို့နဲ့ လိုက်သွားလည်း ပျော်စရာကြီးပါ။

၃) Skill :- ၁၈ လစာ လေ့လာ ဆည်းပူးထားတဲ့ ကိုယ် တတ်ကျွမ်းတဲ့ ပညာတစ်ခုခုကို ပြသရမှာ ဖြစ်ပါတယ်။ (ဥပမာ။ ။ နိုင်ငံခြား ဘာသာ သင်ယူခြင်း၊ အဖွဲ့ အစည်းများကို ဦးဆောင်နိုင် ခြင်း စသည်) ဒါကတော့ ကျောင်းမှာ German ဘာသာဖြစ်ဖြစ် Japan ဘာသာဖြစ်ဖြစ် Semester ၂ ခုစာလောက် ဆက်တိုက် တက်လိုက်ရင် အဆင်ပြေပါတယ်။ ဒါမှမဟုတ် တခြား ကားမောင်းတာတို့ ဘာတို့ Skill ပိုင်းဆိုင် ရာ တစ်ခုခုကို လေ့လာဆည်းပူးနိုင်ပါတယ်။

၎) Physical Recreation :- ၁၂ ပတ်စာ အချိန် အတွင်းမှာ နာရီ ၄၀ စာ လိုက်စားထားတဲ့ ကျန်းမာရေး ကဏ္ဍတစ်ခုကို ဖော်ပြရမှာ ဖြစ်ပါတယ်။ (ဥပမာ။ ။ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည်) သူငယ်ချင်းတွေနဲ့ အပတ်တိုင်း ရေကူး၊ စက်ဘီး၊ စကိတ် လျှောက်စီး၊ ပြေး၊ တစ်ခုမဟုတ် တစ်ခုကို ပျော်ပျော် ပါးပါးကြီး အတူတူ ပုံမှန်လုပ်သွား ရင် နာရီ ၄၀ ဆိုတာ ဘယ်လို ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။

၅) Residential Project :- အဖွဲ့ တစ်ဖွဲ့ နှင့်အတူ community ဆိုင်ရာ ကဏ္ဍများကို စတင် ဦးဆောင် စီစဉ် ရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျောင်းက စီစဉ်ပေးတဲ့ အဖွဲ့ကို ဆက်သွယ်ရပါတယ်။ သူတို့ ချပေးတဲ့ Project မှာ ပါဝင် လုပ်ဆောင်နိုင်ရင် ပြီးပါတယ်။

ကဲ.. အဲဒါတွေကို ပြည့်အောင် ဖြည့်နိုင်တယ်၊ ပြီးအောင် လုပ်နိုင်တယ်ဆိုရင် ဆုရပါပြီ။ လုပ်ခဲ့သမျှ ဟာတွေကို မှတ်တမ်း မှတ်ရာ ဓာတ်ပုံတွေနှင့်တကွ ထောက်ခံစာတွေနှင့် တွဲပြီး အတွေ့အကြုံတွေ ကို ရေးတင်လိုက်ရင် ရပါပြီ။ နှစ် ရှည် လများ ကြိုးစားပြီးမှရတဲ့ ဆုပါ။ ပြိုင်လို့ရတာမဟုတ်ပဲ၊ ရအောင် လုပ်ယူရတဲ့ ဆုမျိုးဖြစ်တဲ့အတွက် ဘာမှ အဖတ်မတင်ရင်တောင် ကိုယ့်ရဲ့ ဘဝမှာ ဇွဲကိုရင်းပြီး ကြိုးစားမှု ကြောင့် ရလာတဲ့ မှတ်ကျောက်တစ်ခုအနေနဲ့ သိမ်းထားလို့ရတဲ့ ဆုမျိုးပါ။ SP ကျောင်းသားများ လျှောက်ချင်တယ်ဆိုရင် mysas မှာ NYAA self service ဆိုတာမှာ လျှောက်လို့ရပါတယ်။ ကျောင်း အပြီး၊ ဆုအရ အတော်ပါပဲ။ ၃နှစ်အတွင်းမှာ Diploma တစ်ခုအပြင် ဆုတစ်ခုပါ ရတာပေါ့။ မသိလိုက်လို့ ကျော်သွားတာမျိုး မဖြစ်ရလေအောင် မျှဝေလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...

01 December, 2008

December

ဒီမနက် နိုးတော့ ဖုန်းကိုကြည့်လိုက်မိတယ်။ 4 new messages ဆိုပဲ။ ဒါနဲ့ ဘာများလဲလို့ ကြည့်လိုက်တော့ Sweet December တဲ့။ ဟုတ်ပါ့။ December တောင်ရောက်ပေါ့။ အချိန်တွေက မြန်လိုက်တာမှ ရှလွတ်ကနဲပဲ။ လတွေထဲမှာ December လကို တော်တော်ကြိုက်တယ်။ အေးချမ်းတယ်။ မြန်မာပြည်မှာ တုန်းကဆို ဒီလထဲကို မန္တလေး နဲ့ မေမြို့ကို အလည်သွားလေ့ရှိတယ်။ ပျော်စရာကြီး။ မေမြို့မှာဆို အရမ်းး ကိုအေးတာ။ နှင်းတော့ မကျပါဘူး ဒါပေမယ့် မြူတွေ အရမ်း ဆိုင်းတယ်။ အနွေးထည် ထူထူဝတ်ပြီး ကော်ဖီခွက်လေးနဲ့ အုံ့နေတဲ့ မြူတွေကို ထိုင်ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူး။

December လက မြန်မာပြည်မှာဆို ကျောင်းပိတ်ရက်တွေများတယ်။ Public Holiday နဲ့ နေ့ထူးရက်ထူးတွေဆိုလို့ December လထဲမှာ ကျနော်သိတာက Christmas နဲ့ New Year Eve လောက်ပဲသိတာ။ အဲဒါတွေအပြင် ဒါတွေ လဲရှိသေးတယ်ဗျ။ သူ့နိုင်ငံအလိုက် နေ့ထူး ရက်ထူးတွေကို ပွစိတက်နေတဲ့ December ပဲ။

ဖြတ်သန်းခဲ့ရတဲ့ December လတွေကို ပြန်လှည့်ကြည့်လိုက်ရင်။

2003 December
က တန်ဖိုး ဖြတ်လို့မရမှန်း နောင်မှ သိခဲ့ရတယ်။
2004 December ကိုတော့ ဘယ်လိုမှ မေ့လို့မရဘူး။ ကြိုးစားခဲ့သမျှ ထိုက်ထိုက်တန်တန် ရခဲ့ပေမယ့် ကြားခဲ့ရတဲ့ လက်ခုတ်သံတွေထဲမှာ တစ်ခုလိုနေခဲ့တဲ့နှစ်၊ ဝမ်းနည်း ဝမ်းသာ နှစ်ခုကို တစ်တင်္ဂအတွင်း ခံစားမိတဲ့ နှစ်၊ ကျနော့်ကို ပြောင်းလဲ ရင့်ကျက်စေတဲ့ နှစ် ဆိုပါတော့။
2005 December တုန်းက မောင် Harry တစ်ယောက် 10 တန်းအတွက် စာအုပ်ပုံထဲ ခေါင်းမြုပ်နေလေရဲ့။
2006 December ကတော့ မှတ်ဥာဏ်ပုံရိပ်ထဲ ရေးရေးပဲကျန်တော့တယ်။
2007 December တုန်းကတော့ SP က ညီအစ်ကို အသစ်တွေ ကျနော့် ဘဝထဲ စဝင်လာတယ်ပေါ့။
ခု 2008 December ကတော့ ပထမ အပတ်ကို စာမေးပွဲ အဖွင့်နဲ့ ကြိုဆိုလိုက်လေရဲ့။

ကောင်းပါ၏။ တစ်နှစ်နဲ့ တစ်နှစ် အပြောင်းလဲတွေ အရမ်းများခဲ့တယ်။ နောင်နှစ်တွေရဲ့ December တွေမှာလဲ ဘာများ အမှတ်ရစရာတွေ ကြုံရဦးမှာလဲ။ အေးချမ်းတဲ့ မန္တလေးနဲ့ မေမြို့ကိုရော ဘယ် December မှာများ ပြန်လည် လည်ပတ်ခွင့်ကြုံဦးမှာလဲ။ ။

ဆက်ဖတ်ရန်...