08 December, 2008

မွေးနေ့

မွေးနေ့ တစ်ခေါက် တစ်ခေါက်ရောက်တိုင်း တွေးမိတယ်။ မနှစ်က ငါနဲ့ ဒီနှစ်ငါ ဘယ်လောက် တိုးတက်လာလဲလို့။ ကိုယ့်ဟာကိုယ် ဘက်စုံ ယှဉ်ကြည့်မိတယ်။ ကျန်းမာရေးကအစ စိတ်ဓာတ်ရေးရာက အဆုံး မျိုးစုံ စမ်းစစ်ကြည့်တယ်။ ဒီနှစ်ထဲမှာ ဘာတွေ လုပ်ခဲ့လဲ၊ ဘယ်လောက်လုပ်ခဲ့လဲ၊ ဘယ်သူတွေအပေါ် ဘယ်လောက်ကောင်းခဲ့လဲ ဆိုတဲ့ အတွေးတစ်ချို့လဲ ခေါင်းထဲ ခဏလောက်ဝင်လာတယ်။ ချုပ်လိုက်လို့ ရတဲ့ အဖြေက.. "ကြိုးစားဆဲပါ"။

မွေးနေ့တွေထဲမှာ ဒီနှစ်မွေးနေ့ နည်းနည်းထူးတယ်။ တစ်ခါမှ မွေးနေ့ ၃ ခါထပ် မလုပ်ဖူးဘူး။ ပြီးတော့ ကိုယ်က စီစဉ်ထားတဲ့ ဟာလဲမဟုတ်ဘူး။ လုပ်ပေးတဲ့ပွဲလေးတွေ။ တော်တော်ပျော်ရတယ်။ ဒါပေမယ့် ကံဇာတာအရ မောင် Harry ရဲ့ မွေးနေ့ ပွဲ ၃ခါလုပ်တာမှာ ၂ခါက အစည်းဝေးထဲမှာ။ (ဥုံ... တစ်နှစ်လုံးတော့ meeting မထိုင်ရပါစေနဲ့သား) =D တစ်နေ့လုံးစာအတွက် ကျေးဇူးတင်စကား နည်းနည်း ဆိုချင်တယ်။
မွေးနေ့အတွက် တစ်ကူးတစ်က လာပေးသော အဖေ၊ မိသားစု ထမင်းဝိုင်းလေး စီစဉ်ပေးသော ဦးရီးတော် မိသားစု၊ ည ၁၂ ဒေါင်ကို အချိန်တိုက်ပြီး wish သော ချစ်သူ၊ မွေးနေ့ကို အားကြိုးမာန်တက် စီစဉ်ပေးကြသော ညီအစ်ကို မောင်နှမများ၊ တစ်ကူးတစ်က ဖုန်းတစ်တန်၊ msg တစ်တန်၊ email တစ်တန် လှမ်း wish ကြသောညီအစ်ကို မောင်နှမများ နှင့် ကျေးဇူးတင်ထိုက်သူများအား မောင် Harry မှ ဘဝဂုဏ်ပြု မှတ်တမ်းသဝဏ်လွှာ တွင် ကဗျည်းမော်ကွန်း မှတ်တမ်းရေးထိုး ကျေးဇူးတင်အပ်ပါသည်။
(အဟိ.. ကျောက်စာ ရေးတာကျနေတာပဲ)

အဖေက နှစ်တိုင်း လက်ဆောင်ပေးနေကျပဲ။ ဒီနှစ်လဲ ပေးတယ်။ ပေးတဲ့ အပြင် စာအုပ်တစ်အုပ် ကိုလဲ ထပ်ကာထပ်ကာ ဖတ်လို့ မှာသွားတယ်။ဆရာဦးဖေမြင့် ဘာသာပြန်တဲ့ စာအုပ်တစ်အုပ်ပါ။ အထဲမှာ အဖေက သားကို မှာတဲ့ အမှာစာတွေပေါ့။ သူမှာချင်သမျှကို ချုံ့ပြီးများ ပုံနှိပ်ခိုင်းလိုက်သလား အောက်မေ့ရတယ်။ အရမ်း အကျိုးရှိတဲ့ စာအုပ်တစ်အုပ်ပါ။ နွေးထွေးတဲ့ စိတ်အားဆေးတွေ တစ်လှေကြီးပါတယ်။





ဒါကတော့ မွေးနေ့ အမှတ်တရ ဓာတ်ပုံတချို့ပါ... (ညက ပွဲရဲ့ ပုံတွေရှိရင်လဲ share ကြပါဦး)