မောင် Harry ၁၀ ရက်လောက် မြန်မာပြည်ပြန်ပြီး ဓာတ်ပုံရိုက်ရာမှ စလုံးသို့ ပြန်ရောက်ပါကြောင်း။ (သတင်းခေါင်းစဉ်) ဟီး..
ကျနော် မလေးရှားက အပြန် တစ်ရက်ခြားပြီး မြန်မာပြည်ပြန်ဖြစ်တယ်။ မြန်မာပြည်မှာ တော်တော်စိတ်တိုင်းကျ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်ဗျာ။ အဲဒီခရီးက ပုံတွေတော့ ဖြည်းဖြည်းချင်းမှ တင်ဖြစ်မယ်ထင်တယ်။ အတွေ့ကြုံတွေကိုတော့ နေ့အလိုက် ရေးဖြစ်တယ်။ နောက်တော့ အဆင်ပြေရင်ပြေသလို နေ့အလိုက် ပုံတွေနဲ့ တင်ဦးမယ်။ ကျောင်းကတော့ ပြန်မဖွင့်သေးဘူး (မဖွင့်သေးဆို ပိတ်တာမှ မကြာသေးတာ)။ ခုပြန်လာတာ Final Year Project လုပ်ဖို့ပြန်လာတာ။ ကျောင်းဖွင့်ဖွင့်ချင်းတင်ရမှာမို့။
ဘာလိုလိုနဲ့ တတိယနှစ် နောက်ဆုံး semester တောင်ရောက်လာပြီ။ ဒီ နှစ် နှစ်အတွင်း ကျောင်းစာအပြင် တခြား လုပ်ချင်တာ လုပ်စရာရှိတာတွေ တော်တော်လုပ်ဖြစ်ခဲ့တယ်။ ဒီကျောင်းပိတ်ရက်တော့ Final Year Project အတွက် အားစိုက်ရဦးမယ်။ ကျောင်းပြန်ဖွင့်ရင်တော့ လုပ်စရာတွေ ပါးသလောက်ရှိပြီ။
ရန်ကုန်က ပြန်အထွက်ဆိုမှ ပြောရဦးမယ်။ အရင်တုန်းကတော့ ပြန်ရင် မြန်မာသံရုံးသွားပြီး ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာယူ၊ မြန်မာပြည် အဝင်မှာ register လုပ်တယ်။ နောက်ပိုင်း D-Form ယူပြီး ပြန်ထွက်တာ ပိုအဆင်ပြေလို့ အဲလိုပဲ လုပ်ဖြစ်တယ်။ ဖြစ်ချင်တော့ ဒီအခေါက် မောင် Harry ခရီးလွန်ပြီး D-Form လုပ်ဖို့မေ့၏။ အပြန်မှာ luggage အပ်တော့ ဘာမှမပြော၊ ဒါနဲ့ အဆင်ပြေလောက်ပါတယ်ဆိုပြီး boarding pass လေးကိုင်ပြီး immigration ဝင်မှ စတွေ့တော့တာပဲ။ မပါရင် မပြန်ရဘူးဆိုတာနဲ့ အဖေ့ကို နီးရာ internet ဆိုင်ပြေးလုပ်ခိုင်းပြီး အမြန်ပြန်လာပို့ခိုင်းတယ်။ တော်သေးတယ်၊ မှီလိုက်လို့။ ဟီး မဟုတ်ရင် ခုချိန် ရန်ကုန်မှာပဲရှိဦးမှာ။ သို့ပါ၍ " မြန်မာပြည်ပြန် ကျောင်းသူကျောင်းသားများ ကျောင်းသားထောက်ခံစာမယူမိပါက မနက်သွား ညနေပြန်ရင်တောင် D-Form လိုပါကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်ပါတယ်။"
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ ။ ။
23 September, 2009
ပြန်ရောက်ကြောင်း
06 September, 2009
Get Inspired
ကျောင်းက စာမေးပွဲတွေ အရင်ပတ် ဗုဒ္ဓဟူးက ပြီးသွားတယ်။ ပြီးသွားတော့ မောင် Harry တစ်ယောက် အားသယောင်ယောင်ရှိပြီး နားချိန်လေး ဘာလေးရနေတယ်။ ဟိုတစ်ရက်က သူငယ်ချင်း စည်သူအောင် အိမ်မှာ Singapore Idol ကြည့်ပြီး နည်းနည်း တောင် စိတ်ညစ်သွားတယ်။ လူကို ဝေဖန်လိုက်တာဆိုတာ လမ်းကိုဆုံးရောပဲ။ သီချင်းဆိုပြိုင်ပွဲဆိုလဲ ဆိုတာကို အကဲဖြတ်ပေါ့။ ဘာမှမဆိုင်တာတွေကိုပါ ပယ်ပယ်နယ်နယ် စော်ကားတယ်။ တော်ရုံလူဆို အညွှန့်တလူလူတက်မယ့် စိတ်က ကျိုးထွက်သွားမှာ။
အိမ်မှာ နားနေတုန်း အားနေတာနဲ့ YouTube လျှောက်ကြည့်ဖြစ်တယ်။ အစက American Idol တစ်ပိုင်းတစ်စကြည့်တယ်။ လူတွေကို ပြစ်ပြစ်ခါခါဝေဖန်တာပဲ တွေ့နေရတယ်။ ဒါနဲ့ ကျနော့်စိတ်ထဲ သိချင်တာတစ်ခု ဝင်လာတယ်။ ဒီလောက် လူတိုင်းနီးပါးကို ပြစ်ပြစ်ခါခါ ငြင်းနေရင် ဘယ်လိုလူမျိုးကို များ အားရပါးရလက်ခံမလဲဆိုတာ။ နောက်တော့ Britain's got Talent ဆိုတဲ့ အစီစဉ်ရောက်သွားရော။ အဲဒီမှာ စကြည့်ဖြစ်တဲ့ Andrew Johnston မှာတင် ကျနော်သဘောပေါက်သွားတယ်။ သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ အဲလောက် ထိမယ့် အချိန်ပိုင်းမျိုး၊ ရင်ခုန်စရာမျိုး၊ ပီတိလှိုင်းခတ်သံမျိုး မခံစားဖူးဘူး။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အဲဒီပွဲတွေမှာ ၁၁ နှစ် ၁၂ နှစ် ကလေးတွေကပါ လူတွေရဲ့ ရင်တွေကို ကိုင်လှုပ်နိုင်လို့ပဲ။ သူတို့ရဲ့ အားကောင်းတဲ့စိတ်တွေ၊ နောက်ကနေ အားပေးနေတဲ့ မိဘတွေရဲ့ မေတ္တာတွေ "ဒါကိုအရမ်းကို ဖြစ်ချင်တယ်" ဆိုတဲ့ အိမ်မက်ကြီးတွေရဲ့ တွန်းအားတွေကိုပါ ခံစားလို့ရနေတယ်။ ၂ မိနစ်စာလောက်ပဲရှိတဲ့ Audition တစ်ခုဟာ လူတွေရဲ့ ရင်ကိုအဲလောက် မြန်မြန် ကိုင်လှုပ်နိုင်မယ်လို့ မထင်ခဲ့မိဘူး။ အောက်မှာ ကျနော်တင်ထားတဲ့ video တွေအားလုံးမှာ တူညီတဲ့ effect တစ်ခုရှိတယ်။ လူတွေရဲ့ emotion ကို တတင်္ဂအတွင်း ဆွဲမြှင့်ပြီး ကိုင်လှုပ်နိုင်တာပဲ။
Video အားလုံး ကြည့်ရတာ တန်တယ်ဗျာ။ တစ်ခုချင်းစီတိုင်းကျနော့်ကို ကြက်သိမ်းထသွားအောင်လုပ်နိုင်တယ်။ အရမ်းလဲ inspiring ဖြစ်တယ်။ တော်တော်များများကလဲ semi-finalist တွေ၊ finalist တွေဖြစ်ကုန်ကြတယ်။ ကျနော် ပထမဆုံး ရွေးတဲ့ audition တွေကိုပဲ တင်ထားပေးတယ်။ ကြိုက်ရင် ထပ်ရှာကြည့်ကြည့်။
ဒီတစ်ယောက်က Andrew Johnston တဲ့။ အသက် ၁၃ နှစ်ကလေး။ ၆ နှစ်လောက်ကတည်းက သီချင်းစဆိုတယ်။ သူ့ကို ဒီပွဲမှာ သီချင်းလာဆိုတော့ ဒိုင်တွေက "မင်းကို အားလိုက်ပေးမယ့် သူငယ်ချင်းတွေရှိမှာပေါ့" လို့ပြောတော့ သူက ငယ်ငယ်ကတည်းက အနိုင်ကျင့်ခံရတယ်တဲ့။ အဲဒါနဲ့ ဘာလို့လဲမေးတော့ "သူဆိုတဲ့ သူနှစ်သက်တဲ့ ဂီတကို တခြားရွယ်တူသူငယ်ချင်းတွေက လက်မခံကြလို့တဲ့" ဒါနဲ့ ဒိုင်က "အဲတော့ မင်းဘာဆက်လုပ်လဲမေးတော့" "I carried on singing" ... သူဘာဆိုလဲ... ကြည့်ပြီးရင်ထဲမှာ ဘာခံစားရလဲ...
ဒီတစ်ယောက်ကလဲ အသက် ၁၃နှစ်ပဲ။ George Sampson တဲ့။ 2007 မှာ စပါဝင်တယ်။ semi final မှာ အပယ်ခံရတယ်။ ဒါပေမယ့် ထပ်ကြိုးစားတယ်။ 2008 မှာ audition ထပ်ဝင်ပြီး 2008 ရဲ့ winner ဖြစ်သွားတယ် ။ သူ့မိသားစုက မချမ်းသာတော့ သူ့ကျောင်းစရိတ်သူပေးရတယ်။ သူလုပ်ချင်တဲ့ ကတာကိုလဲ ဆက်လုပ်ခဲ့တယ်။ သူဘာကြောင့် audition ကနေရွေးခံရလဲ၊ ဘာကြောင့် 2008 ရဲ့ winner ဖြစ်လဲဆိုတာ ကြည့်လိုက်ပါဦး...
Aiden Davis ဆိုတဲ့ ကလေးက အသက် ၁၁ နှစ်။ သူက George Sampson လိုပဲ ကတယ်။ ဒါပေမယ့်သူက George Sampson ရဲ့ နောက်နှစ် မှာပါတာ။ ဘာထူးခြားတာလဲဆိုတော့ သူ့ရဲ့ ကတာကိုဝါသနာပါမှု တစ်ခုထဲ အရင်းခံပြီး ကြိုးစားထားလို့ပဲ။ သူ့မှာ သင်ပေးမယ့်သူ မရှိဘူး။ သင်တန်းလဲ မတက်ဘူး။ သူ့ဟာသူ လေ့ကျင့်ချိန်တွေ လုပ်တယ်။ သူ့ဟာသူကကြည့်ပြီး သူ့အမေကို ကပြတယ်။ ဒီလိုနဲ့ အဲဒီနေ့ အဲစင်ပေါ်ကို ရောက်သွားတယ်။ ဒီ ၂ မိနစ်စာ clip လေးတင်ဆက်နေတဲ့အချိန်တုန်းက ကန့်လန့်ကာနောက်က သူ့အမေရဲ့ ပီတိကို ခံစားကြည့်ဗျာ။
ဒီတစ်ခုက အဖွဲ့လိုက်ကတာ။ 2009 ရဲ့ winner ဖြစ်သွားတယ်။ ဒီအဖွဲ့ထဲမှာ အသက်ကွာခြားမှု၊ လူမျိုးကွာခြားမှု တွေရှိနေတယ်။ နောက်ပြီးတော့ အကုန်လုံးကလဲ နေ့ပိုင်းလုပ်တဲ့ အလုပ်တွေ မတူကြဘူး။ ဒီလိုမတူညီမှုတွေထဲက တူညီမှုတစ်ခုဟာ ဒီလောက်များတဲ့ လူတွေကို အရမ်းကို ချစ်ပြီး စည်းလုံးစေတယ်။ ဘာလဲဆိုတာ ကြည့်ကြည့်လိုက်ပါ။ (video ကို embed ပေးမလုပ်လို့ ဒီမှာ ပဲ link ချိတ်ထားပေးတယ်။)
အခုနောက်ဆုံး ပြချင်တဲ့ တစ်ယောက်က Sue Son တဲ့။ တယောပညာရှင်လေး။ အချစ်ဆုံးသူငယ်ချင်းနဲ့ အတူ တွဲဖျော်ဖြေတယ်။ ဒါပေမယ့် အငြင်းခံရတယ်။ နောက်တော့ ဒိုင်တွေက တစ်ယောက်ထဲ ဖျော်ဖြေခွင့်ထပ်ပေးတော့ ထပ်ပြီးဖျော်ဖြေခဲ့တယ်။ Sue Son ဘယ်လိုဖျော်ဖြေလဲဆိုတာ...
နှစ်သက်ကြမယ်လို့ထင်တယ်ဗျာ။ ကျနော်တော့ ခံစားလို့ရတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
