မနေ့ညနေက အိမ်က အမကြီးက ဆန်ပြုတ်ပြုတ်ပြီး လာတိုက်တယ်။ ဆန်ပြုတ်က အရမ်းပေါ့ရွှတ်နေ၏။ (အမလေး.... ပေါ့ရွှတ်နေလိုက်တာ) စိတ်ထဲမှာပေါ်လာတဲ့ခံစားမှု။ ဒါပေမယ့် ကျနော် "အမရေ ဆားလေးနည်းနည်းလောက် ထည့်ပေးပါလား" လို့ပဲ ပြောဖြစ်သွားသည်။ ဘာကို ကျနော်ပြောချင်တာလဲဆိုတော့ လိုအပ်တာပဲ ပြောသင့်သည်။ ပေါ့ရွှတ်နေလိုက်တာဗျာ ဆိုတဲ့ မှတ်ချက်က တကယ်တမ်း အသုံးမဝင်။ စေတနာပျက်သွားစေမည့် မှတ်ချက်မျိုး။ လုပ်ပေးသူအနေနဲ့လည်း လုပ်လာပေးရပြီး ဒီလိုအပြောခံရတာ တကယ် ပေါ့နေသည့်တိုင်အောင် စိတ်ထဲမှာကောင်းမှာမဟုတ်။
"မကောင်းကြောင်းကို လွှတ်ကနဲ ပြီးပြီးရော ဝေဖန်လိုက်ချင်းဟာ တစ်ခြားသူကို အပြတ်သတ် ထိခိုက်သွားစေနိုင်သလို အခြေနေကိုလဲ အကျိုးထူးမလာစေဘူး။"
Philippines မှာတုန်းက တစ်ရက်၊ ကျနော်တို့ကို Welfare တာဝန်ခံ သူငယ်ချင်း Patrick က ဓာတ်ဆားရည် လာတိုက်သည်။ လူအများဆိုတော့ သောက်လို့ အဆင်ပြေအောင်ဆိုပြီး ရေပုံးကြီးနဲ့ ဖျော်ပြီး သူကိုယ်တိုင် ထမ်းပြီး လာချပေးသည်။ ပြီးတော့ ခွက်ပါကမ်းပေးသေးသည်။ အဲဒါကို မောင် Harry သောက်ပြီးပြီးချင်း ရုတ်တရက် ရင်ထဲက ခံစားမှု ပလွတ်ကနဲ ထွက်သွားသည်။ "ပေါ့ရွှတ်နေလိုက်တာ သူငယ်ချင်းရာ" လို့။ တခြားသူငယ်ချင်းတွေကလဲ အားပါးတရ ပေါ့ရွှတ်နေကြောင်း အရသာမရှိကြောင်း ရေများကြောင်း ဝိုင်းပြောသည်။ သူငယ်ချင်းမျက်နှာ လုံးဝမကောင်း။ ကျနော် ချက်ချင်း အားနာသွားသည်။ အဲဒီနေ့က ကျနော် သူ့ကို တော်တော် တောင်းပန်ဖြစ်လိုက်သည်။ နောက်မှ သိရတာက အဲဒီ ဓာတ်ဆားမှုန့်တွေကို Singapore ကနေ သူ့ပိုက်ဆံနဲ့ သူ တစ်သင်းလုံးအတွက် ဝယ်လာတာ။ ပြီးတော့ de-hydration မဖြစ်စေချင်လို့ ရေပိုထည့်တယ်ဆိုတာရယ်။ အဲဒီကတည်းက မောင် Harry တစ်ယောက် တော်တော်အသိတရားရသွားသည်။ မကောင်းကြောင်းကို လွှတ်ကနဲ ပြီးပြီးရော ဝေဖန်လိုက်ချင်းဟာ တစ်ခြားသူကို အပြတ်သတ် ထိခိုက်သွားစေနိုင်သလို အခြေနေကိုလဲ အကျိုးထူးမလာစေဘူး။
အဲဒီအကြောင်းကို ဘယ်မှာ ထပ်ပြီး ကိုယ်ချင်းစာတတ် သွားလဲဆိုတော့ ကျနော်တို့ ထမင်းချက်တဲ့နေ့။ ငါးဝယ်လာသည်။ ချက်ဖို့ဝယ်လာတဲ့ ငါးက အကောင်အကြီးစား။ တစ်သင်းလုံးစာလောက်မယ် အမှတ်နဲ့ ဝယ်လာတာ။ ကြော်လိုက်တော့ ပိုးစိုးပက်စက် ကျုံ့သွားရော။ မလောက်မငတွေ ဖြစ်ကုန်တယ်။ ဝိုင်းပြီး ပြောလိုက်တဲ့ မှတ်ချက်တွေ ကြောင့် ကျနော်အပါဝင် အဲဒီနေ့က ထမင်းချက်တဲ့ တဖွဲ့လုံး တစ်နေ့လုံးကို စိတ်ညစ်သွားတာပဲ။
အလားတူ ကိစ္စမျိုးတွေ အားလုံးလည်း ကြုံဖူးကြမည်ထင်ပါသည်။ ပြောတဲ့သူနေရာမှာရော၊ အပြောခံရသူနေရာမှာရော။
တစ်ခါတစ်လေမှာ အခြေနေပေါ်လိုက်ပြီး အဆင်မပြေမှုတွေ အနည်းနဲ့ အများရှိတတ်ပေမယ့်၊ ကိုယ်အဆင်မပြေတာကို ပြီးစလွယ်မပြောခင် ဘယ်လိုပြောသင့်သလဲ ဘယ်လိုပြောမှအကျိုးရှိမလဲ သုံးသပ်ပြီးမှ ပြောသင့်သည်။ နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးမရှိမယ့် စကားတွေ မပြောပဲ နေလိုက်တာ ပိုမကောင်းဘူးလားဗျာ။
သေချာတာတော့ အပြစ်တင်ခြင်းနဲ့ ပြီးစလွယ် ဝေဖန်ခြင်းက ဘယ်တော့မှ ပြသနာကို ရှင်းသွားမှာ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ခြင်း ကင်းရှင်းကြပါစေ။ ။
ဆက်ဖတ်ရန်...
ပြန်သိမ်းရန်...