Showing posts with label အသိ. Show all posts
Showing posts with label အသိ. Show all posts

21 May, 2010

Graduation

မောင် Harry တစ်ယောက် Singapore Polytechnic ကနေ ၂၀၁၀ မေလ ၁၈ ရက် ညနေ ၆နာရီ ၂၃ မိနစ်မှာ Mechatronic Diploma နဲ့ Business Certificate ကို ရခဲ့လေပြီ။ :D

ဒီ ၃ နှစ်အတွင်း ဖြတ်ကျော်ခဲ့တဲ့ ရက်တွေမှာ စိတ်ညစ်စရာတွေရှိသလို၊ ပျော်စရာတွေလဲ တစ်ပုံကြီး။ ပင်ပန်းခဲ့တယ်လို့ ထင်ရပေမယ့် ရလာတဲ့ အသီးအပွင့်တွေ စားရတဲ့အခါ အရမ်းချိုမြိန်တာ တွေ့ရတယ်။ ရခဲ့တဲ့ သူငယ်ချင်းကောင်းတွေ မိတ်ဆွေ စစ်တွေက တစ်ဘဝစာအတွက် ဒီ ၃နှစ် အတွင်းမှာ ရလိုက်တဲ့ အကောင်းဆုံးသော အရာတွေပဲ။

တခြား အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ အသိတရားတွေကို ခေါင်းထဲ ပေါ်သလောက် ပြန်ဝေမျှချင်တယ်။

- ဖြစ်ချင်တာကို ရအောင်လုပ်ချင်တဲ့ အရမ်းထက်သန်နေတဲ့ စိတ်တစ်ခုရဲ့ အားကို ဘယ် အနှောက်အယှက် အခက်အခဲမှ မတားနိုင်ဘူး။

- ကြိုးစားလို့ ရောက်လာတဲ့ အခြေအနေတစ်ခု၊ လေ့ကျင့်လို့ ရလာတဲ့ ရလာဒ်တစ်ခုက သူများကို ကြွားဖို့၊ ဘဝင်မြင့်ပြီး ကျေနပ်နေဖို့မဟုတ်ဘူး၊ ဆက်ကြိုးစားဖို့၊ ဆက်လေ့ကျင့်ဖို့...

- ကိုယ်လုပ်တဲ့ အရာတွေမှာ စစ်မှန်တဲ့ စေတနာလေး ပါပါစေ။

- ဘဝပေး အခြေအနေကို ထိုင်ပြီး ငြီးတွားနေတာထက် ဘဝမှာ ဖြစ်ချင်တဲ့ ပုံစံကို ရအောင် ပုံသွင်းယူပါ။

- အချိန်တိုင်း တတင်္ဂတိုင်းဟာ နေတတ်ရင် ကျေနပ်စရာ ကောင်းပါတယ်။

ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတွေ ပိုင်ဆိုင် နိုင်ကြပါစေ။ ။





ဆက်ဖတ်ရန်...

16 May, 2010

If you believe you can, you can

ဘလော့ကို မရေးဖြစ်တာ... မအားဘူး မအားဘူးနဲ့ အကြောင်းပြပြ ပြီးထွက်ပြေးနေတာ တော်တော်ကြာသွားခဲ့ပြီ။ သူငယ်ချင်း Amir က "Harry, you should continue blogging just for the sake of your passion on blogging." လို့နောက်ဆုံးတစ်ခေါက် တွေ့တုန်းက ပြောလိုက်သေးတယ်။ ဟုတ်ပါတယ် ကျနော် ခုတော့ ကျောင်းလဲ ပြီးသွားပြီဆိုတော့ တော်တော်အားသွားပြီ။

အနီးစပ်ဆုံး update လေးတွေ ပေးရရင်၊ ကျနော် သန်ဘက်ခါမှာ Graduation သွားရမယ်။ ဟိုတစ်ပတ်လောက်က Australia ကျောင်းအတွက် IELTS စာမေးပွဲ သွားဖြေထားတယ်။ ဒီကြားထဲမှာတော့ ကျောင်း gym သွားလိုက်၊ အက တိုက်လိုက်နဲ့ SP က ညီအကိုတွေနဲ့ တရုန်းရုန်းပဲ။

မနေ့ညနေက ရန်ကုန်ကတည်းက ပေါင်းလာတဲ့ ကျနော့်အကိုတော်ကြီး အိမ်လာလည်တယ်။ သူနဲ့ ကျောင်းကိစ္စတွေ၊ လူတွေအကြောင်း၊ ဘဝတွေအကြောင်း ဆွေးနွေးဖြစ်တယ်။ ကျနော် တို့ စကားစပ်မိရင်းနဲ့ ကျနော် လေးစားအားကျရတဲ့ အနုပညာရှင် တွေအကြောင်းရောက်သွားပြီး သူ့ကိုပြဖြစ်တယ်။

ကိုယ်ဝါသနာပါတာကို ငယ်ငယ်ကတည်းက ဇောက်ချလုပ်ခွင့်ရရင်၊ နယ်ပယ်တစ်ခုခုမှာ တစ်ဖက်ကမ်းခပ် ထူးချွန်နိုင်တဲ့အကြောင်း။ ငယ်ငယ်တုန်းက ကျနော်တို့တွေမှာ အဲလိုမျိုး အခွင့်ရေးဆိုတာ မရှိခဲ့ဘူး။ မိဘတွေကလဲ ကျောင်း အိမ်၊ အိမ် ကျောင်း.. ငါ့သား စာတော်ပြီးရော ဆိုတာမျိုးများခဲ့တယ်။
ကျနော်တို့ညီအစ်ကိုတွေတော့ နည်းနည်း ကံကောင်းတယ်ပြောလို့ရတယ်။ ကျနော်တို့ ဝါသနာပါရာကို မိဘက အားပေးခဲ့တယ်။ ဒါပေမယ့် အဲဒီအခွင့်ရေးတွေကို စလုံးရောက်တော့ ရတယ်။ ဒီခေတ်ထဲမှာ ကိုယ်သင်ယူချင်တာ ကိုယ်သိချင်တာ ကိုယ်ထူးချွန်ချင်တာတွေ တော်တော်များများ သင်တန်းမှာ တစ်ကူးတစ်က သွားတက်မှ၊ ဆရာက သင်ပေးမှ တတ်မှာ မဟုတ်တော့ဘူး။ သင်ထောက်ကူပြုနိုင်တဲ့ ဟာတွေ တော်တော်များများ online မှာ ရှိနေပြီ။ ပတ်ဝန်းကျင်တစ်ခုကိုလဲ အချိန်မရွေး ဝင်ဆံ့နိုင်နေပြီ။ အဲဒီအကြောင်း ပြောဖြစ်တော့ အဲဒီအကိုက ကိုယ်လိုချင်တာတွေကို ဖြစ်အောင်လုပ်ပြီး ကိုယ်ငယ်ငယ်က ဝါသနာပါခဲ့တာ၊ ဖြစ်ချင်ခဲ့တာတွေကို ဖြစ်အောင် ဒီသုံးနှစ်အတွင်း လုပ်မယ်လို့ ပြောတယ်။ ကျနော်တော့ အပြည့်အဝ အားပေးတယ်ဗျာ။ Photoshop ဆိုတာ အမြှီးနဲ့လား ဂျိုနဲ့လား မသိရာကနေ ဒီလိုပဲ online မှာဖတ်၊ တတ်တဲ့သူတွေကို မေးရင်း ကိုယ်လုပ်ချင်တဲ့ စိတ်ကူးအတိုင်း လိုက်လုပ်ကြည့်ရာကနေ အခုဆို တော်တော် အဆင်ပြေပြေ သုံးတတ်သွားပြီ။ တခြား အရာတွေတော်တော်များများလဲ ကျနော် လုပ်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ ရအောင် လုပ်နိုင်ခဲ့တယ်။ အဓိက က အဲဒီ "ဖြစ်အောင် လုပ်ချင်တယ်" ဆိုတဲ့ စိတ်လေး ရှိပြီး အကောင်ထည်ဖော်နိုင်အောင် အားစိုက်ဖို့ပါပဲ။

လုပ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ကြပါစေ။ ။

ဆက်ဖတ်ရန်...

12 October, 2009

Final Year Project Presentation

ဒီနေ့ ကျောင်းမှာ Final Year Project တွေ Open House မှာ ပြဖို့အတွက် ရွေးတဲ့ Presentation လုပ်ရတယ်။ ကျောင်းပိတ်ရက်မှာ အားထုတ်ခဲ့သမျှတွေ ဒီနေ့ ချပြလိုက်ရပြီ။ ရွေးခံရတာ မရွေးခံရတာထက် ဒီနေ့ Presentation ကို အားရ၏။ အကောင်းဆုံးကြိုးစားလုပ်ခဲ့ကြတယ်။

ဒီလိုအဖွဲ့နဲ့ လုပ်လျှင် သူကျဘယ်လောက်လုပ်တယ်၊ ငါကျဘယ်လောက်လုပ်ရတယ် ဆိုတာမျိုး တွက်ကပ်နေလျှင် ကျရှုံးဖို့များ၏။ ကိုယ်ဘယ်လောက်လုပ်နိုင်လဲ၊ ဘယ်လောက်အားစိုက်ထုပ်လိုက်ရလဲ ကိုယ်ပဲအသိဆုံး။ တစ်ကယ်တမ်း အမှတ်တူတူရသည့်တိုင် ကိုယ့်အားထုပ်မှုရဲ့ပီတိက ကိုယ်ပဲသိသည်။ အဖွဲ့နဲ့လုပ်လျှင် သူဘယ်လောက်လုပ်တယ် ဘယ်သူဘယ်လောက်လုပ်တယ် ဆိုတာတွေကို ပေသီးခေါက်နေမယ့်အစား ကိုယ်ဘယ်လောက်လုပ်နိုင်လဲဆိုတာကို စဉ်းစားသင့်သည်။ ကိုယ့်ရဲ့ အစွမ်းစတွေကို စိန်ခေါ်သင့်သည်။ ယဉ်ထားတဲ့ စိတ်ကူးတွေကို "ငါမလုပ်နိုင်လောက်ပါဘူး" ဆိုပြီး လက်မလျှော့လိုက်သင့်။ တွေးထားတဲ့ အကြံစည်တွေကို "ဒါတော့ မဖြစ်နိုင်လောက်ပါဘူး" ဆိုပြီး နောက်မဆုတ်သင့်။ လုပ်ကြည့်ပါ။ ကျောင်းက presentation လေးတစ်ခုပဲ၊ တော်ရိရော်ရိလုပ်လိုက်ရင် ရပါပြီကွာဆိုပြီး ကိုယ့်အစွမ်းစကို တန်ဖိုးမလျှော့လိုက်သင့်။ မလုပ်ခင် စိတ်ကူးတွေကို နယ်ပယ်မရှိ လွှတ်ကြည့်ပါ။ ဘယ်လို တင်ပြချင်လဲ ဘယ်လိုအကောင်းဆုံး လုပ်ပြချင်လဲဆိုတာတွေ၊ ပြီးလျှင် တစ်ခုချင်းစီကို ရတဲ့အချိန်နဲ့ ဖြစ်နိုင် မဖြစ်နိုင်၊ ဘယ်ဟာအရင် ဘယ်ဟာနောက်ဆိုတာတော့ ဂဃနဏ သိရမည်။ ဘယ်ဟာအဆံ ဘယ်ဟာ အခွံလဲဆိုတာလဲ သိသင့်သည်။ ဟာ.. ဒါဆို ကောင်းလောက်တယ်၊ ငါဒါရအောင်လုပ်မယ်ဆိုပြီး အခွံကို တသသ ထိုင်လုပ်နေပြီး တကယ်တမ်းချပြစရာ အစံမရှိလျှင် လုပ်ထားသမျှ အလကားဖြစ်ပြီ။

ခေါင်းထဲရောက်လာတာတွေ ပြောချင်တာတွေ ပြောချလိုက်သည်။ ဘာလုပ်လုပ် အကောင်းဆုံးလုပ်နိုင်ကြပါစေ။ အဲဒီအကောင်းဆုံးဆိုတဲ့ definition ဖွင့်ဆိုချက်ကတော့ အရေးကြီးသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။

ဆက်ဖတ်ရန်...

09 October, 2009

သင်ယူခြင်း

စာမရေးဖြစ်တာ တော်တော်ကြာသွားပြီ။ မောင် Harry အလုပ်များနေ၏။ ဘာနဲ့များနေတာလဲဆိုတော့ Final Year Project Presentation က လာမယ့် ၁၂ ရက်နေ့ ။ အဲဒီအတွက် ပြင်ဆင်နေကြတာ။ သူများတွေလို ရိုးရိုး present မလုပ်ပဲ တစ်မူထူးချင်တော့ ပိုပင်ပန်း၏။ Presentation ကို impact ကြီးကြီးနဲ့ intro ဝင်နိုင်မယ့် short clip လေးတစ်ခုနဲ့ စချင်တယ်ဆိုတဲ့ စိတ်ကူး၊ အဲဒီစိတ်ကူးကို အကောင်ထည်ဖော်ဖို့ ဘာမှန်းမသိတဲ့ 3D Max ဆိုတာကြီးရယ် ကြားဖူးတဲ့ Adobe After Effect ဆိုတာရယ် ပေါင်းပြီး animate လုပ်ကြမှာ။ ဖြစ်ချင်တဲ့ စိတ်တစ်ခုကို အရင်းခံပြီး Engineering ကျောင်းသားတစ်ဖွဲ့ Media ပိုင်းကို လေ့လာနေတယ်ဆိုပါတော့။

ကျနော် စင်္ကာပူရောက်မှ ပိုသိလာတာက လုပ်ချင်တယ်ဆိုတဲ့ စိတ်အရင်းခံ ပြင်းပြရင် တကယ်ဖြစ်တယ်ဆိုတာပဲ။ ဖြစ်ချင်စိတ် အရမ်းပြင်းပြလာရင် "မသင်ဖူးလို့၊ သင်တန်းမတက်ဖူးလို့၊ မသိလို့" ဆိုတာတွေကို ကျော်လွှားနိုင်တယ်။ ပိုပြီးလဲ အတတ်မြန်တယ်။ နောက်ကြုံရင် လုပ်ခဲ့တဲ့ video လေးပြန် share ပါ့မယ်။

ပညာဆိုတာ သင်တန်းသွားမှ၊ လာပြီးသင်ပေးမယ့်သူရှိမှ၊ ကျောင်းကသင်မှ ဖြစ်တာမဟုတ်ပါဘူး။ ကိုယ်ကစပြီးယူရတာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။

ဆက်ဖတ်ရန်...

27 June, 2009

အပြစ်ရယ် မတင်စေလို

မနေ့ညနေက အိမ်က အမကြီးက ဆန်ပြုတ်ပြုတ်ပြီး လာတိုက်တယ်။ ဆန်ပြုတ်က အရမ်းပေါ့ရွှတ်နေ၏။ (အမလေး.... ပေါ့ရွှတ်နေလိုက်တာ) စိတ်ထဲမှာပေါ်လာတဲ့ခံစားမှု။ ဒါပေမယ့် ကျနော် "အမရေ ဆားလေးနည်းနည်းလောက် ထည့်ပေးပါလား" လို့ပဲ ပြောဖြစ်သွားသည်။ ဘာကို ကျနော်ပြောချင်တာလဲဆိုတော့ လိုအပ်တာပဲ ပြောသင့်သည်။ ပေါ့ရွှတ်နေလိုက်တာဗျာ ဆိုတဲ့ မှတ်ချက်က တကယ်တမ်း အသုံးမဝင်။ စေတနာပျက်သွားစေမည့် မှတ်ချက်မျိုး။ လုပ်ပေးသူအနေနဲ့လည်း လုပ်လာပေးရပြီး ဒီလိုအပြောခံရတာ တကယ် ပေါ့နေသည့်တိုင်အောင် စိတ်ထဲမှာကောင်းမှာမဟုတ်။

"မကောင်းကြောင်းကို လွှတ်ကနဲ ပြီးပြီးရော ဝေဖန်လိုက်ချင်းဟာ တစ်ခြားသူကို အပြတ်သတ် ထိခိုက်သွားစေနိုင်သလို အခြေနေကိုလဲ အကျိုးထူးမလာစေဘူး။"

Philippines မှာတုန်းက တစ်ရက်၊ ကျနော်တို့ကို Welfare တာဝန်ခံ သူငယ်ချင်း Patrick က ဓာတ်ဆားရည် လာတိုက်သည်။ လူအများဆိုတော့ သောက်လို့ အဆင်ပြေအောင်ဆိုပြီး ရေပုံးကြီးနဲ့ ဖျော်ပြီး သူကိုယ်တိုင် ထမ်းပြီး လာချပေးသည်။ ပြီးတော့ ခွက်ပါကမ်းပေးသေးသည်။ အဲဒါကို မောင် Harry သောက်ပြီးပြီးချင်း ရုတ်တရက် ရင်ထဲက ခံစားမှု ပလွတ်ကနဲ ထွက်သွားသည်။ "ပေါ့ရွှတ်နေလိုက်တာ သူငယ်ချင်းရာ" လို့။ တခြားသူငယ်ချင်းတွေကလဲ အားပါးတရ ပေါ့ရွှတ်နေကြောင်း အရသာမရှိကြောင်း ရေများကြောင်း ဝိုင်းပြောသည်။ သူငယ်ချင်းမျက်နှာ လုံးဝမကောင်း။ ကျနော် ချက်ချင်း အားနာသွားသည်။ အဲဒီနေ့က ကျနော် သူ့ကို တော်တော် တောင်းပန်ဖြစ်လိုက်သည်။ နောက်မှ သိရတာက အဲဒီ ဓာတ်ဆားမှုန့်တွေကို Singapore ကနေ သူ့ပိုက်ဆံနဲ့ သူ တစ်သင်းလုံးအတွက် ဝယ်လာတာ။ ပြီးတော့ de-hydration မဖြစ်စေချင်လို့ ရေပိုထည့်တယ်ဆိုတာရယ်။ အဲဒီကတည်းက မောင် Harry တစ်ယောက် တော်တော်အသိတရားရသွားသည်။ မကောင်းကြောင်းကို လွှတ်ကနဲ ပြီးပြီးရော ဝေဖန်လိုက်ချင်းဟာ တစ်ခြားသူကို အပြတ်သတ် ထိခိုက်သွားစေနိုင်သလို အခြေနေကိုလဲ အကျိုးထူးမလာစေဘူး။

အဲဒီအကြောင်းကို ဘယ်မှာ ထပ်ပြီး ကိုယ်ချင်းစာတတ် သွားလဲဆိုတော့ ကျနော်တို့ ထမင်းချက်တဲ့နေ့။ ငါးဝယ်လာသည်။ ချက်ဖို့ဝယ်လာတဲ့ ငါးက အကောင်အကြီးစား။ တစ်သင်းလုံးစာလောက်မယ် အမှတ်နဲ့ ဝယ်လာတာ။ ကြော်လိုက်တော့ ပိုးစိုးပက်စက် ကျုံ့သွားရော။ မလောက်မငတွေ ဖြစ်ကုန်တယ်။ ဝိုင်းပြီး ပြောလိုက်တဲ့ မှတ်ချက်တွေ ကြောင့် ကျနော်အပါဝင် အဲဒီနေ့က ထမင်းချက်တဲ့ တဖွဲ့လုံး တစ်နေ့လုံးကို စိတ်ညစ်သွားတာပဲ။

အလားတူ ကိစ္စမျိုးတွေ အားလုံးလည်း ကြုံဖူးကြမည်ထင်ပါသည်။ ပြောတဲ့သူနေရာမှာရော၊ အပြောခံရသူနေရာမှာရော။ တစ်ခါတစ်လေမှာ အခြေနေပေါ်လိုက်ပြီး အဆင်မပြေမှုတွေ အနည်းနဲ့ အများရှိတတ်ပေမယ့်၊ ကိုယ်အဆင်မပြေတာကို ပြီးစလွယ်မပြောခင် ဘယ်လိုပြောသင့်သလဲ ဘယ်လိုပြောမှအကျိုးရှိမလဲ သုံးသပ်ပြီးမှ ပြောသင့်သည်။ နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးမရှိမယ့် စကားတွေ မပြောပဲ နေလိုက်တာ ပိုမကောင်းဘူးလားဗျာ။ သေချာတာတော့ အပြစ်တင်ခြင်းနဲ့ ပြီးစလွယ် ဝေဖန်ခြင်းက ဘယ်တော့မှ ပြသနာကို ရှင်းသွားမှာ မဟုတ်ဘူး။

တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ခြင်း ကင်းရှင်းကြပါစေ။ ။

ဆက်ဖတ်ရန်...

06 May, 2009

Philippines OCS sharing session

Read in English

ဒီနေ့ ကျောင်းမှာ အတန်းပြီးတော့ Philippines သွားခဲ့တဲ့ အဖွဲ့သားတွေကို ကျောင်းအုပ်ကြီးက ခေါ်တွေ့တယ်။ ကျောင်းအုပ်ကြီးက အချိန်ပေး တွေ့ပြီး ကျနော်တို့တွေ ရလာတဲ့ အတွေ့ကြုံ မျှဝေကြတာကို စိတ်ဝင်တစား နားထောင်တယ်။ တစ်ယောက်ကို တစ်မျိုးစီ အတွေ့ကြုံတွေ၊ သင်ခန်းစာတွေ၊ အတွေးခေါ်တွေ ပြောပြကြတယ်။ ကျနော့် အဖွဲ့သားတွေ ပြောတာ၊ ကျနော် တွေးမိတာတွေကို အကျဉ်းပြန်ချုံးလိုက်ရင်..

ဘဝမှာ လက်ရှိ ရှိနေတဲ့ အခြေနေကို အရှိကို အရှိအတိုင်း လက်ခံပြီး လိုနေသေးတဲ့ အရည်ချင်းတွေကို ပြည့်မှီလာအောင် ကိုယ့်ဟာကိုယ် ကိုယ်ရည်သွေးနေသင့်တယ်။ ဘဝပေးကြောင့် မရှိတာကို ထိုင်ညည်းနေမယ့်အစား ရှိတာအပေါ်မှာ အခြေခံပြီး အကောင်းဆုံးတွေ ကို ဆောင်ရွက်နိုင်အောင် ကြိုးစားရမယ်။ ဒီ တိုတောင်းလှတဲ့ ဘဝခရီးမှာ လူတစ်ဦးပေါ်တစ်ဦး မေတ္တာထားပြီး နှောင်ကြိုးမဲ့ ကူညီချင်းမျိုးတွေ ကူညီနိုင်မယ်ဆိုရင် အသက်ရှင်နေရတာ ပိုပြီးအဓိပ္ပာယ် ရှိလာမယ်။ အရာအားလုံး ကောင်းမွန်နေစေချင်ရင် ကိုယ်ကစပြီး ကောင်းမှရမှာ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အကျိုးမပြုနိုင်တောင် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ရင် မေတ္တာတွေ က ဆတိုးနှုန်းနဲ့ ပြန့်ပွားမှာပါ။

အောက်မှာ Philippines Community Service မသွားခင် တုန်းက training video နဲ့ Philippines မှာ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို မှတ်တမ်းတင်ထားတဲ့ video တင်ထားတယ်။ ကြည့်ကြည့်...




ဆက်ဖတ်ရန်...

19 January, 2009

ယှဉ်ပြိုင်ခြင်း နှင့် အားကစား

မနေ့က ကျနော်စီစဉ်နေတဲ့ ကျောင်းအားကစားပွဲတွေ အကုန်လုံး ပြီးသွားတယ်။ တော်တော်လဲ အတွေ့အကြုံတွေ၊ အသိတရားတွေ ရလိုက်တယ်။ အားကစားသမားကောင်း တစ်ယောက်ဟာ ယှဉ်ပြိုင်ရာမှာ အနိုင်အရှုံးထက် ကြိုးစားအားထုတ်မှုကို ပိုအလေးပေးတယ်။ ပြိုင်တာပဲ၊ ကိုယ်မနိုင်ရင် သူနိုင်မှာပေါ့။ တကယ်တမ်း နိုင်တော့လည်း တစ်ခဏတာ ရတဲ့ မှတ်ကျောက်က တစ်ဘဝစာနဲ့ ယှဉ်လိုက်ရင် သေးသေးလေးဖြစ်သွားပါတယ်။ အချိန်ကြာလာရင် ဒါတွေက ဘာမှမဟုတ်တော့ပါဘူး။ တွယ်ဖက်ထားလို့လဲ မရဘူး။ ချက်စားလို့လဲမရဘူး။

ကျနော် အရင်တုန်းက Yangon Sailing Club က လုပ်တဲ့ အပတ်စဉ်ပွဲတွေမှာ ဝင်ပြိုင်တယ်။ အရမ်း နိုင်ချင်ခဲ့တယ်။ ဘာအတွက်မှန်းတော့ မသိဘူး။ နိုင်ချင်တာပဲ သိခဲ့တယ်။ ရှုံးတော့လဲ စိတ်တွေ ညစ်တယ်။ အဲဒီမှာ Denmark က Coach တစ်ယောက်က ပြောတယ်

It's not all about winning the race.. It's about how much you try to win the race. Even if you win, it's not you who win, it's your efforts that made you win.
ဟုတ်ပါတယ်။ အခုချိန် ပြန်ကြည့်လိုက်ရင် အဲဒါတွေဟာ ဖလားတစ်ခု၊ ဆွဲပြား တစ်ပြားထက်မပိုပါဘူး။ အဲဒါလေးရဖို့ကို ကြိုးစား အားထုတ်ခဲ့ရတာတွေကိုတော့ ကိုယ်ပဲ မှတ်မိမှာပေါ့။

တစ်ခါတစ်လေကျ ကျနော်တို့တစ်တွေ ယှဉ်ပြိုင်ရင်း ယှဉ်ပြိုင်ရင်းနဲ့ လမ်းလွဲသွားတတ်တယ်။ အနိုင်လိုချင်မှုတွေ များလာပြီး အာဃာတတွေ များလာတတ်တယ်။ အဓိက က ငါဘာအတွက် ယှဉ်ပြိုင်နေတာလဲ။ ငါဘာလို့ အနိုင်လိုချင်နေတာလဲ ဆိုတဲ့ဟာကို သေချာ ပြန်သုံးသပ်မိရင် အနိုင်ရလဲ တလွဲမာနတွေနဲ့ ထောင်လွှားမိမှာ မဟုတ်တော့ဘူး။

ယှဉ်ပြိုင်တယ်ဆိုတာ တစ်ကယ်တမ်းတော့ တစ်ယောက်အကူညီ တစ်ယောက်ယူပြီး တိုးတက်အောင် လုပ်နေကြတာပါပဲ။

ရှုံးသွားလဲ တုန်လှုပ်သွားမှာ မဟုတ်တော့ဘူး။ "Cars" animation ရုပ်ရှင်ထဲမှာ World Grand Prix ကိုပြိုင်ဖို့ အလားအလာ အရမ်းကောင်းပြီး မာန်တက်နေတဲ့ ကားလေးက သူသိပ်အထင်မကြီးတဲ့ ကားအိုကြီး တစ်စီးရဲ့ ဂိုထောင်ထဲမှာ အဲဒီ World Grand Prix ဆုဖလား ၆ ခု ဖုန်တက်နေတာ တွေ့ရတော့ တော်တော် တုန်လှုပ်သွားတယ်။ သူက တစ်ခုကိုတောင် ရဖို့မရဖို့ မသေချာသေးပဲ ထောင်လွှားနေခဲ့တာ ကားအိုကြီးက ရထားတဲ့ ၆ခု ရှိတာတောင် ဘာတစ်ခွန်းမှ မ "ဟ" ဘူးဆိုတော့ တော်တော်လေး သံဝေဂ ရသွားတယ်။ တကယ်တမ်း အရမ်း အထင်ကြီး တက်မက်တဲ့ "ဆု" ဆိုတဲ့ အရာဝတ္ထု ကြီးကလဲ အချိန်ကြာလာတော့ ဘဝစာမျက်နှာပေါ်က စာရွက်တစ်ခုလိုပဲ ဟောင်းသွားမှာပါ။

ဒါဆို ဘာအတွက် ပြိုင်သေးလဲဆိုရင်။ ကိုယ့် ကြိုးစား အားထုတ်မှုရဲ့ ရလာဒ်၊ ပီတိကို ခံစားချင်လို့ပါ။ အတန်းအတွက်၊ ကျောင်းအတွက်၊ အသင်းအတွက်၊ နိုင်ငံအတွက် ကိုယ်စားပြုပြီး အကောင်းဆုံး ကြိုးစားပေးခဲ့တယ် ဆိုတဲ့ feeling ပေါ့။ အဲဒီ့ feeling က တစ်ဦးချင်းရဲ့ လက်ခံပုံနဲ့ ဆိုင်တယ်။ အနိုင် အရှုံး၊ ဆု ရတာ မရတာနဲ့ လုံးဝ မသက်ဆိုင်ဘူး။ ရှုံးနိမ့်သွားတာဟာ ကိုယ့်ကို ဒီထက်ပိုပြီး ကြိုးစားဖို့ လှုံ့ဆော်ပေးလိုက်တာပဲ။ အဲဒါကို အားယူပြီး ကြိုးစားရမယ်။ ထိုင်ပြီး ငိုင်နေလို့တော့ နောက်တစ်ခါပြိုင်လဲ ရှုံးမှာပဲ။ ယှဉ်ပြိုင်တယ်ဆိုတာ တစ်ကယ်တမ်းတော့ တစ်ယောက်အကူညီ တစ်ယောက်ယူပြီး တိုးတက်အောင် လုပ်နေကြတာပါပဲ။ နိုင်လိုက်ရလို့ ဘာမှ ထူးမသွားသလို ရှုံးလိုက်ရလို့လဲ ဘဝကြီး ပြီးမသွားပါဘူး။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...

18 September, 2008

သတိထားပါ

"အစားကို ကုန်အောင်စား၊ စကားကိုတော့ ကုန်အောင်မပြောနှင့်"
တဲ့။ ကျနော်တို့ စကားပြောတဲ့အခါ အကြောင်းရာ တစ်ခုတည်းကိုပဲ အမျိုးမျိုးပြောလို့ရပါတယ်။ အပြောမတတ်ရင်တော့ ဆဲသလိုဖြစ်ရောပဲ။ နောက်ပိုင်းမှာ ကျနော်တို့ အပြင်လောကမှာပါ မဟုတ်ပဲ၊ Online တွေမှာလဲ ပြဿနာတွေ ဖြစ်ရင် စကားကျွံတာ၊ အကောက်မှားတာ၊ နားလည်မှုလွဲတာတွေကစတာပဲ။
ကျနော့်ကို သတိပေးလိုက်သလို တစ်ခုဖြစ်သွားတဲ့ သင်ခန်းစာရစေခဲ့တဲ့ အကြောင်းတစ်ခု ပြန်ပြောပြချင်ပါတယ်။ မနေ့ညက ဘယ်သူမှန်းမသိဘူး ______@gmail.com ဆိုပြီး လာ add လုပ်တယ်။ အဲတော့ ကျနော်လဲ လက်ခံလိုက်တာပေါ့။ သူငယ်ချင်းတွေထဲ လောက်ကပါပဲဆိုပြီး။

ဒါနဲ့ ကျနော့်ကို စကားလာပြောတယ်။ ဘာညာပေါ့။ ကျနော်လဲ ဘယ်သူပါလဲ လို့မေးတော့ "အေး ငါဘယ်သူလဲ သိချင်ရင် ဆရာခေါ်လိုက်"တဲ့။ အယ် တစ်မျိုးပဲပေါ့။ ဖြစ်ချင်တော့ ကျနော်လဲ ကောင်းကောင်းပဲ ပြန်ပြောလိုက်တယ်။ ကျနော်ဘယ်သူနဲ့စကားပြောနေပါသလဲ ပေါ့။ မေးတာကို မဖြေပဲ ဆက်ပြီးတော့ လျှောက်ပြောနေတယ်။ လူက နည်းနည်း နောက်လာရော။ ဒါနဲ့ ကျနော်လဲ ဆက်လက်၍မပြောလိုတော့ပါ ခင်မျာ လို့ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်မိတယ်။ ဘာမှတော့ မချေမငံမပြောမိပါဘူး။ ဒါပေမယ့် ကျနော် စကားဆက်မပြောလိုပါ ဆိုပြီးရပ်လိုက်တယ်။ ဆိုးလာရင် တကယ် block မိတော့မလို့။ အဲဒီမှာသာ စိတ်ပေါက်ပေါက်နဲ့ မင်းဘာလဲ ငါဘာလဲ နဲ့ ပြန်ပြောမိရင် ရှင်းလို့ကိုရမှာမဟုတ်ဘူး။ နောက်မှ အဲဒီ သူက သူ့ပုံတင်လိုက်တယ်။ လက်ရှိ ဂျပန်ရောက်နေတဲ့ ရန်ကုန်က ကျနော့်ရဲ့ Aikido ဆရာ ဖြစ်နေတယ်။ အဲတော့မှ ပြာပြာသလဲ Sensi ရယ် ကျနော် block မိတော့မလို့ ကန်တော့ ကန်တော့လို့ တောင်းပန်မိတယ်။ အဲတော့ သူက "မင်းမဆိုးဘူး စကားပြန်ပြောတာ ယဉ်ကျေးတယ်" လို့မှတ်ချက်ချသွားတယ်။

တော်ပါသေးရဲ့။ မဟုတ်ရင် ဘယ်လိုတောင်းပန်ရမှန်းတောင် သိမှာမဟုတ်ဘူး။ ဒီခေတ်ကြီးမှာ အရင်က သူငယ်ချင်းဟောင်းတွေ၊ သိစ သူငယ်ချင်းသစ်တွေ သာမက လူကြီးမိဘ၊ ဆရာသမားတွေလဲ online society ထဲ ရောက်လာပြီ။ အဲဒါ အစပိုင်းမှာ ဘယ်သူမှန်းမသိခင် နောက်တာ စတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ကိုယ့်ဘက်က ဘယ်သူမှန်းမသေချာပဲ အရမ်းကာရော မမောက်မာမိလိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ သတိထားသင့် ဂရုပြုသင့်တဲ့ အချက်တစ်ချက်ပါ ။ ။

ဆက်ဖတ်ရန်...

12 September, 2008

ပြောနိုင်ကြပါစေ

အလုပ်ထဲမှာ မြန်မာအကိုကြီး တစ်ယောက်ရှိတယ်။ ဒီနေ့ ထမင်းသွားစားကြတော့ အလုပ်ကလူတွေနဲ့ တစ်ဝိုင်းတည်း စားကြတယ်။ ဖြစ်ချင်တော့ ဒီနေ့ အချိန်နည်းနည်း ပိုရပြီး စကားတွေ အားရပါးရပြောနေကြတာ။ ကျနော်လဲ ဘာရယ်မဟုတ်ဘူး အဲဒီအကိုကြီးကို သတိမထားမိ လိုက်ဘူး။ သူက မျက်နှာပျက်ပြီး ငြိမ်ထိုင်နေတယ်။ အဲကျမှ သိလိုက်တာက တခြားသူတွေပြောနေကြတာ တရုတ်လို။ ကျနော်က တရုတ်လိုနားလည်တော့ ဘာမှ ပြသနာမရှိဘူး။ ဒါပေမယ့် တ၀ိုင်းလုံးမှာ သူတစ်ယောက်ပဲ နားမလည်တော့ ပယ်ထားသလိုဖြစ်နေတာ။ ဘာပြောပြော နားလည်းမလည် ၀င်လဲဆွေးနွေးလို့မရလို ဖြစ်နေရော။ ပြီးတော့ ရယ်ရင်လဲ သူ့ရယ်တယ် ထင်မှာပေါ့။ သူ့အကြောင်းပြောနေတာ မဟုတ်ဘူး၊ သူ့ရယ်တာ မဟုတ်ဘူးလို့ သိသည့်တိုင်အောင် သူ့အနေနဲ့က ကသိကအောက်တော့ ဖြစ်မှာပဲ။

စင်္ကာပူက လူပေါင်းစုံ၊ ဘာသာ ပေါင်းစုံ အားလုံး အဆင်ပြေသလို ရောနေတဲ့ ကျွန်းလေးတစ်ခု။ အဲဒီမှာ လူတိုင်းတော့ တရုတ်စကားနားမလည်နိုင်ဘူး။ ဒီလိုပဲ မြန်မာစကား၊ မလေးစကားလဲ နားမလည်နိုင်ဘူး။ ကိုယ်နဲ့ အတူတူရှိနေတဲ့ လူတစ်ယောက် ကိုယ်တို့ ပြောကြမယ့် ဘာသာစကားကို နားမလည်ဘူးဆိုရင် အဲဒီလူကို အနည်းဆုံး လေးစားသမှုလေး ပြုတဲ့အနေနဲ့ English လိုတော့ ပြောသင့်တယ်။ ဒါမှ ဒီလူလဲ နေလို့ထိုင်လို့ အဆင်ပြေမယ်။ ကိုယ်နားမလည်တဲ့ ဘာသာတစ်ခုကို ကြာကြာ ပလွတ်ပလွတ်နဲ့ ကိုယ့်ဘေးထိုင်ပြီး လာပြောနေရင် စိတ်အနှောက်အယှက် တော်တော်ဖြစ်ရသလို သူနားမလည်ရင်လဲ ဒီလိုဖြစ်မှာပဲ ဆိုတဲ့ တစ်ဖက်လူအပေါ် ကိုယ်ချင်းစာစိတ် နဲ့ တစ်ချက်လောက်တွေးပြီး English လိုပြောပေးနိုင်ကြပါစေ။ ။
(English ပါ.. Singlish တော့ ရွံ့စရာကောင်းပါသည်)

ဆက်ဖတ်ရန်...

23 August, 2008

သင်ခန်းစာ

ကိုယ်ချင်းစာတရား၊ သူများအတွက် ဆိုတဲ့ သူများကောင်းကျိုးကို တွေးတာတွေ ဘာတွေကို စာတွေ့တွေ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတယ်။ ဒါပေမယ့် အဖေ ပေးတဲ့ သင်ခန်းစာကတော့ တဘ၀လုံးစာအတွက် လုံလောက်တဲ့ လက်တွေ့ သင်ခန်းစာတစ်ခုပါပဲ။ ဆယ်တန်း အမှတ်စာရင်းထွက်တော့ ကျနော့်အမှတ် ဆေးကျောင်းမှီတာတွေ့ရတယ်။ ဘကြီးတွေ ကြီးဒေါ်တွေကတော့ ဆေးကျောင်းကို ဘယ်လိုနည်းနဲ့မဆို တက်သင့်တယ်၊ တက်ကိုတက်ရမယ်လို့ ၀ိုင်းတိုက်တွန်းကြတာပေါ့။ ဘေးက တွန်းအားတွေများလာတော့ ကျနော်လဲ အဖေ့ကို တိုင်ပင်ကြည့်တယ်။ နိုင်ငံခြားလဲ စာသွားသင်ချင်တယ်။ မရခဲ့လို့ရှိရင်များ ဆိုတဲ့ကိစ္စအတွက်လဲ ဆေးကျောင်းများတက်ထားရင် တခုခုတက်စရာနေရာရှိနေမယ်လို့ တွေးမိပြီး အဖေ့ကို အဲဒီ့အတိုင်းတိုင်ပင်ကြည့်တာပေါ့။ အဖေပြောခဲ့တာရယ် အဖေ့ရဲ့ တွေးပုံတွေးနည်းရယ်ဟာ ကျနော့်ကို တဘ၀စာ သင်ခန်းစာပေးလိုက်တယ်။ အဖေက သား မင်းက ဆေးကျောင်း ဆေးကျောင်းဆိုရအောင် ဆေးကော ဖတ်ဖို့စိတ်ပါလို့လား တဲ့။ ကျနော်ကလဲ မပါဘူးလို့ပြောတာပေါ့။ ဒါနဲ့များသားရာ မင်းလုပ်စရာရှိတာကိုသာ ပြတ်ပြတ်သားသားလုပ်စမ်းပါ။ နိုင်ငံ့ခြားမှာ စာသွားဖတ်မယ်မဟုတ်လား။ ပြတ်ပြတ်သားသားလုပ်။ ကိုယ်နဲ့မဆိုင်တဲ့၊ ကိုယ်စိတ်မပါတဲ့ဟာတစ်ခုမှာ သွားပြီး မရှုပ်နဲ့ တဲ့။ ဒါနဲ့ ကျနော်က မရများမရခဲ့လို့ရှိရင်ဆိုတဲ့ အကြောင်းပြောတော့။ လောကမှာ လူတိုင်းအတွက် တကယ်တန်တဲ့ တစ်နေရာစာတော့ရှိတယ်သား တဲ့။ မင်းစိတ်မပါတဲ့ နေရာတခုမှာ ကိုယ်က ယူလို့ရတိုင်း သွားပြီး တစ်နေရာစာကို မဖြုန်းပစ်ပါနဲ့ တဲ့။ မင်းနောက်မှာရှိနေတဲ့ တကယ်စိတ်ပါတဲ့၊ တကယ်ဖြစ်ချင်တဲ့ သူတစ်ယောက်အတွက် တဘ၀စာ ထိခိုက်နစ်နာ သွားလိမ့်မယ် တဲ့။ မင်းစိတ်ပါတဲ့ဟာ၊ ဖြစ်ချင်တဲ့ဟာကိုသာ အာရုံစိုက်ပြီး အဲဒီကိုယ်လိုချင်တဲ့ နေရာတစ်ခုကို ရအောင်ယူပါ တဲ့။ ကိုယ်သာ အဲဒီ ဆေးကျောင်းဆိုတဲ့ တစ်နေရာစာကို ဟ ပေးလိုက်၊ မဖြုန်းလိုက်ဖူးဆိုရင် နောက်ကလူတစ်ယောက်အတွက် နေရာအလိုလိုပေးပြီးသား ဖြစ်လာနိုင်တယ်တဲ့။ ကုသိုလ်လဲရပါတယ် သားရယ် တဲ့။ အဖေပြောသွားတာတွေ ကို တစ်ခုခြင်းပြန်တွေးကြည့်မိတယ်။ ဟုတ်တာပေါ့။ သိပ်ဟုတ်တာပေါ့။ ကျနော့်အတွက် တဘ၀စာသင်ခန်းစာကို အဖေပေးလိုက်တာပဲ။ ကျနော်ဒါတွေကို တဖြည်းဖြည်း နားလည် ခံယူ ကျင့်သုံး လိုက်နာသွားမိတယ်။ တဘ၀လုံးစာအတိုင်းတာနဲ့ပေါ့ ။ ။
(လက်တွေ့တွေးခေါ် လမ်းညွန်ပေးတဲ့ အဖေ့ကို ရှိခိုးဦးချ ကန်တော့လျှက်ပါ)

ဆက်ဖတ်ရန်...