စာမေးပွဲတွေနီးလာပြီ... လုပ်စရာတွေက တပုံကြီး... ဘယ်ကစလို့ ဘာကိုင်ရမှန်းမသိ အောင်ဖြစ်နေတတ်တယ်။ အဲလိုမျိုးတွေကြားက စာမေးပွဲတွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြေနိုင်အောင် မောင် Harry ကျင့်သုံးတဲ့ နည်းလမ်းတချို့ကို ဝေမျှချင်ပါတယ်။ ။
မဖြေခင်...
စာလုပ်ချိန်သတ်မှတ်ပါ
ဘယ်နေ့ ဘာဖြေရမယ်ဆိုတာကို ချိန်ပြီး ဘယ်ရက်ကို ဘယ်ဘာသာ လုပ်မယ်ဆိုတာ သတ်မှတ်ပါ။ ကျနော်တော့ စဖြေရမယ့်ဘာသာကို ဝေးဆုံးမှာ တကြိမ် လုပ်ထားတယ်။ ပြီးတာနဲ့ နောက်ဆုံးဖြေရမယ့် ဘာသာကို အရင်ဆုံးလုပ်ပြီး တရက်ချင်းစီ ပြောင်းပြန်လုပ်သွားတယ်။ အဲတော့ စဖြေရမယ့်ဘာသာ ကျတော့ သူ့အလိုလို ဖြေခါနီးနောက်တခေါက် ကြည့်ပြီးသားဖြစ်သွားတယ်။ တချို့ ကိုယ်နိုင်မယ်ထင်တဲ့၊ လွယ်တဲ့ ဘာသာတွေကိုတော့ ၂ ခုဖြစ်ဖြစ် ပေါင်းပြီးကြည့်လိုက်တယ်။
နားပါ
စာမေးပွဲနီးမှ အသေအလဲ စာကြည့်နေလို့ တကယ်ဖြေရမယ့်နေ့ကျ ဖျားရော ဆိုတဲ့ကိစ္စတွေ အများကြီးပဲ။ စာမေးပွဲ ဘယ်လောက်နီးနီး စာလုပ်ချိန်ကို သတ်သတ်မှတ်မှတ်ပဲ ထားပြီးလုပ်ပါ။ အများဆုံး အလွန့်အလွန်ဆုံး ၂ နာရီလောက်ပဲ ဆက်တိုက်လုပ်သင့်တယ်။ ပြီးရင် ခဏ နားရင်နား မနားရင်လဲ သီချင်းနားထောင်တာဖြစ်ဖြစ် စိတ်ကို relax ဖြစ်စေတဲ့ဟာ တခုခု ထလုပ်လိုက်ပါ။ ထလုပ်တဲ့အထဲမှာ DotA တော့ မခုတ်မိစေချင်ဘူး။ အချိန်စားတယ်။ ဦးဏှောက်ပိုအလုပ်လုပ်ရတယ်။ ဒါမှမဟုတ် တခြားဖြေရမယ့် ဘာသာတခုခုပြောင်းပြီး လုပ်ရင်လဲ အဆင်ပြေပါတယ်။ ကိုယ့်သူငယ်ချင်းဖြစ်စေ တယောက်ယောက်ဖြစ်စေ ဖုန်းလာတာတို့ တခုခုလာလုပ်ခိုင်းတာတို့ ဆိုရင်လဲ စိတ်အနှောက်အယှက် တခုလိုသဘောမထားပဲ ကိုယ်ခဏနားတဲ့အနေနဲ့ စိတ်အပြောင်းအလဲ ဖြစ်အောင် လက်ခံစကားပြောလိုက် လိုက်လုပ်ပေးလိုက်ပါ။
Overnight ခြင်း မ Night ခြင်း
တညလုံး မအိပ်ပဲ စာလုပ်တာကွဆိုတဲ့ ကိစ္စကို ကျနော် အားလည်းမပေးဘူး အပြင်းအထန်လဲ ကန့်ကွက်တယ်။ လူပဲ အိပ်ချိန်တန် အိပ်ရမှာပေါ့။ စာကို ပုံမှန်လုပ်မလာပဲ နဲ့ အနီးကပ်မှ အသေအလဲ ထလုပ်။ တနေ့လုံး တညလုံးလုပ်လို့ ဘယ်လောက်ရသွားမှာ မို့လို့လဲ။ တညလုံး စာလုပ်ရင် ခေါင်းထဲကို သွင်းလို့ ထုတ်လို့ ရမှာမဟုတ်ဘူး။ Efficiency လဲအရမ်းကျတယ်။ အဲလိုလုပ်မယ့်အစား ၀အောင်အိပ်လိုက်ပြီး မနက်ကျမှ ရွှင်ရွှင်လန်းလန်းလုပ်တာ ပိုထိရောက်တယ်။ ပိုလည်း အကျိုးရှိတယ်။ ကျန်းမာရေးလဲ မထိခိုက်ဘူး။
ဖြေခါနီး...
Last Minute Revision
စာမေးပွဲခန်းထဲ ၀င်ခါနီးထိ စာအုပ်တကိုင်ကိုင်နဲ့ ပါးစပ်က ပလွတ်ပလွတ်ရွတ်နေသူတွေ။ အသည်းအသန် စာရွက်ပေါ်မှာ ချရေးနေသူတွေရှိတယ်။ အဲလိုမျိုးလုပ်တဲ့အခါ စိတ်ကိုပိုပြီး ရှုပ်ထွေးစေတယ်။ ၀င်ခါနီး အသေအလဲလုပ်လိုက်တာကလဲ အထဲရောက်ရင် မေ့သွားတာများတယ်။ အဲဒီအပေါ်စိတ်ရောက်နေတဲ့ အတွက်လည်း အခြားဟာတွေ ခေါင်းထဲမရှိတော့ဘူး။ တကယ်ဖြေခါနီးကျရင် ခေါင်းအေးအေးနဲ့ စာမေးပွဲခန်းဝင်ပါ။ ဘာမှမစဉ်းစားသင့်တော့ဘူး။ ကိုယ်လုပ်ထားတဲ့ဘာသာ ကိုယ်အကောင်းဆုံး အတတ်နိုင်ဆုံးလုပ်ထားပြီးပြီ။ နောက်ဆုံး အချိန်ကို ခေါင်းကို အနားပေးသင့်တယ်။ ဒါမှ တကယ်ဖြေတဲ့အခါ တွေးလို့ ပြန်ခေါ်လို့ရမှာ။ လူတိုင်း ဒီနည်းလမ်းအဆင်ပြေမယ်လို့တော့ မဆိုလိုဘူး။ ကျနော့် အတွက်တော့ ထိရောက်တယ်။ စမ်းကြည့်ပေါ့။
Stationary စစ်ပါ
စာမေးပွဲဖြေခါနီး လိုတဲ့ စာရေးကိရိယာကို စုံအောင်စစ်ထားပါ။ စိတ်လုံခြုံမှုပိုရတယ်။ စစ်တဲ့အထဲမှာ calculator battery ပါစစ်စေလိုတယ်။ ဖြစ်နိုင်ရင် back up ပါရှိနေသင့်တယ်။ အာရုံ မနောက်ရတော့ဘူးပေါ့။
စိတ်ဓာတ်ပြင်ဆင်မှု
ဖြေခါနီး စိတ်ကြည်မှုဟာ အရမ်းကို အရေးကြီးပါတယ်။ ဟာ.. ငါဟိုဟာမရသေးဘူး ဒီဟာမရသေးဘူး ဟိုဟာပါလာရင် ဘယ့်နှယ်လုပ်မလဲ ဒီဟာပါလာရင် ဘယ့်နှယ်လုပ်မလဲ လို့ တောင်တွေးမြောက်တွေးထက်စာရင်။ ငါဖြေနိုင်သလောက်ကို အကောင်းဆုံးဖြေမယ်။ ဖြေသမျှလဲ မှန်ကန်တိကျစေရမယ်လို့ စိတ်ထဲမှာပြင်ဆင်ထားနိုင်ရင် တော်တော်အဆင်ပြေပါတယ်။ ဖြေတဲ့အခါလည်း သတိကပ်ပြီး ဖြေစေချင်တယ်။ သတိအကပ်လွန်ပြီး အတွေးခေါင်သွားတာမျိုးလဲ မဖြစ်စေချင်ဘူး။ ပုံမှန်လောက်ပဲ မေးခွန်းကိုတွေးပါ။ မေးခွန်းအနေနဲ့က လူအများကိုမေးရတဲ့အခါ အလွန့်အလွန်ဆုံးခက် ပုံမှန်လောက်ပဲ ခက်မှာပါ။ မေးခွန်း level ကိုတော့ ရင်းရင်းနှီးနှီးဖြစ်နေအောင် လုပ်ထားဖို့လိုတာပေါ့။
ဖြေနေတုန်း...
တကြိမ်မှာ တခု
ဖြေတဲ့အခါ မေးခွန်းထဲက ကိုယ်အဖြေနိုင်ဆုံးတွေကို ရွေးထုတ်ပြီးဖြေပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်တော့ မေးခွန်းအစဉ်အတိုင်း ဖြေလို့လဲရပါတယ်။ ဖြေတဲ့အခါ အာရုံများမနေပဲ ကိုယ်ဖြေနေတဲ့ ဟာကိုပဲအာရုံစိုက်ပါ။ တခါတလေ မဖြေနိုင်တဲ့ ဟာပါလာလို့ လန့်သွားတတ်တယ်။ အဲလိုမျိုးတွေကို အရေးစိုက်ပြီး ပူမနေပဲ ကိုယ်ဖြေနေတဲ့ အပုဒ်ကိုပဲ အမှတ်ပြည့်ရအောင်ဖြေသင့်တယ်။ တပုဒ်တိုင်းသာ အမှတ်ပြည့်ရရင် မေးခွန်းတဆောင်လုံးအမှတ်ပြည့် ကပြေးမလွတ်ပါဘူး။
ကျော်ပါ
စာမေးပွဲမှာ ဖြေနိုင်တဲ့ ပုစ္ဆာနဲ့ မဖြေနိုင်တဲ့ ပုစ္ဆာ နှစ်မျိုးပဲ ပါတဲ့အတွက် မဖြေနိုင်တာပါလာတာ အထူးဆန်းတော့ မဟုတ်ပါဘူး။ မဖြေနိုင်တာကို ဦးဏှောက် အခြောက်ခံပြီး စဉ်းစားနေမယ့်အစား ဖြေနိုင်တာကိုသာ အကုန်လုံး အရင်ဖြေချလိုက်ပါ။ စာမေးပွဲမှာ ဘယ်လောက်ဖြေနိုင်တာထက် ဘယ်လောက်အမှတ်ရတာပိုအရေးကြီးတယ်။ ၂မှတ်တန်လောက်ကို တောက်လျှောက်ထိုင်စဉ်းစားနေလို့ ၁၀မှတ်တန်လွတ်သွားတာမျိုးတော့ မဖြစ်စေချင်ဘူး။
... လက်ရှိကျင့်သုံးနေတဲ့ ထဲကစဉ်းစားလို့ ရသလောက်ကတော့ ဒါတွေပါပဲ။ လူတိုင်းအတွက် အသုံးတည့် မတည့်တော့ ကျနော်လဲမသိဘူး။ ကျနော့်အတွက်တော့ ခုထိအဆင်ပြေနေတုန်းပါပဲ။ ပြန်လည်ပြီးတော့လည်း ဆွေးနွေးနိုင်ပါတယ်။ နည်းလမ်းကောင်းလေးများရှိရင်လဲ ဝေမျှကြပါဦး။ ။
