22 September, 2008

လူတွေ

ဆရာဦးဖေမြင့် စုစည်းတင်ပြ ရေးသားထားတဲ့ "စာဖတ်သမားများ၏ မှတ်စု" ဆိုတဲ့ စာအုပ်ထဲက လူတွေရဲ့ ဘက်လိုက်တတ်တဲ့ သဘာဝ ဆိုတဲ့ ဟာလေးကို သဘောကျလို့ ပြန်ပြောပြချင်တယ်။ လူတွေက ကိုယ့်ဘာသာကိုယ် "မျှမျှတတ မှန်မှန်ကန်ကန် မြင်သည်" လို့ထင်ကြတယ်တဲ့။ ဒါပေမယ့် သေချာပြန်ကြည့်ရင် ပြောဆိုလုပ်ကိုင်တဲ့ အခါတွေမှာ တစ်ဖက်ဖက်ကို လိုက်နေမိတတ်တယ်။ Tom Knight ဆိုတဲ့သူက ဒီလိုရေးသတဲ့။

ဟိုလူ အလုပ်တစ်ခုကို အကြာကြီး အချိန်ယူလုပ်ရင် သိပ်နှေးကွေးတဲ့လူလို့ ပြောတာ။ ကိုယ်ကြာနေရင်တော့ အဲဒါ စေ့စပ်သေချာတာ တဲ့။

ဟိုလူ ကိစ္စတစ်ခုကို ထမလုပ်ရင် ပျင်းတာ။ ကိုယ်မလုပ်တာက အလုပ်များလို့။

ကိစ္စတစ်ခုကို သူ့ကို လုပ်ပါမပြောပဲ ထလုပ်ရင် ဒီလူ ဘောင်ကျော်တာ။ ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာ၊ တီထွင်ကြံဆပြီး လုပ်တတ်တာ။

ဟိုလူက သူ့အယူဆကို အကြောက်အကန် ငြင်းနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်။ ကိုယ်ဆိုရင်တော့ သဘောထား ပြတ်သားခိုင်မာတာ။

အစဉ်လာ ကျင့်ဝတ်တစ်ခု တစ်လေချိုးဖောက်မိရင် ဒီလူ ယဉ်ကျေးမှုမရှိတာ။ ကိုယ် ဂရုမစိုက်ခဲ့ရင် ဟာ... မရဘူး၊ ကျွန်တော်က ကိုယ့်ပုံစံနဲ့ ကိုယ်ပဲ... တဲ့။

တော်တော်လေး သဘောကျမိပါရဲ့ဗျာ ။ ။