27 January, 2009

ရှာလိုက်ရတဲ့ ဖုန်းဆိုင်

မနက်အစော အိမ်ရှင်းလင်းရေးလုပ်၊ Laptop ရှင်းလင်းရေးလုပ်၊ ဖုန်းရှင်းလင်းရေးလုပ်နေရင်းနဲ့ ဖုန်းထဲမှာ မှတ်ထားတဲ့ Address တစ်ခုကို သွားတွေ့တယ်။ အမဝမ်းကွဲတွေ လာတုန်းက ပေးခဲ့တဲ့ လိပ်စာပေါ့။ အဲဒီလိပ်စာက ဖုန်းဆိုင်တစ်ဆိုင်ရဲ့ လိပ်စာ။ အမဝမ်းကွဲတွေနဲ့ အတူပါလာတဲ့ သူတို့ သူငယ်ချင်းတစ်ယောက်ကို စင်္ကာပူမှာ ဖုန်းဝယ်ချင်ရင် ဒီဆိုင်ပဲ သွားဆိုပြီး ညွှန်းလိုက်တဲ့လိပ်စာတဲ့။ စင်္ကာပူ တစ်မြို့လုံးမှာ ဈေးအပေါဆုံး ဆိုလားပဲ။ ဒါနဲ့ ကျနော့်ကို လိပ်စာပြတယ်။ ကျနော်လဲ မကြားဖူးဘူးလို့ ပြောတာပေါ့။ နောက်မှရှာ လိုက်တော့ ကျနော့်အိမ်နားမှာဖြစ်နေတယ်။ သူတို့က သွားချင်တယ်ဆိုတော့ ကျနော်လဲ လိုက်ပို့ရတာပေါ့။

အဲမှာစ ရွာပတ်တာပဲ။ ရှာခိုင်းတဲ့ အိမ်နံပါတ်က 158။ ဘယ်လိုမှ ရှာမရဘူးဖြစ်နေတယ်။ သူပြောတဲ့ လမ်းပေါ်မှာပဲ အငယ်ဆုံးတွေ့တဲ့ အိမ်နံပါတ်က 240 ကျော်။ ကားလမ်းအတိုင်းဆက်သွားရင် Construction Site ကြီး၊ လမ်းပြောင်းပြန်သွားရင် ကျတော့ အိမ်နံပါတ်တွေက တိုးသွားတယ်။ ရှာရင်းရှာရင်း လူလဲ တော်တော် စိတ်အိုက်လာတယ်။ ကျနော်ထင်တာ ဘယ်လောက်များ ပေါမှာလဲပေါ့။ Mustafa မှာ ဝယ်လဲရသားနဲ့ဆိုပြီး ပြောတယ်။ လူခွဲပြီး ဆိုင်ရှာတဲ့ထိဖြစ်သွားတယ်။ နောက်ဆုံးကျ တွေ့ရော။ Farrer Park ရဲ့ Exit 'C' ကနေတက်တက်ချင်း တည့်တည့် လမ်းကူးပြီး ကားလမ်းအတိုင်း ဆက်လျှောက်သွားရတာ။ ဖုန်းဆိုင်တွေ Electronic ပစ္စည်းဆိုင်တွေ ပြည့်နေတဲ့ Block တစ်ခုပဲ။ ဒါပေမယ့် အဲဒီဆိုင်မှာပဲ လူတွေပြည့်နေတယ်။ တခြားဆိုင်တွေ သရဲခြောက်မှာတောင် စိုးရတယ်။ သူတို့ လိုချင်တဲ့ ဖုန်းတွေ ဝယ်ကြရော။ ရောင်းတဲ့ လူကြီးက နည်းနည်းတော့ မာရည်ကျောရည် ရှိတယ်။ ယူမှာလား မယူဘူးလားပုံစံမျိုး။ ဒါနဲ့ အမတော်တွေ မကျေမချမ်းနဲ့.. ဖုန်းတွေတော့ ဝယ်လာတယ်။

ကဲ "စိတ်ချမ်းသာပြီလား ဘယ်လောက်များ ပေါသွားတုန်း" လို့ မေးတော့မှ ကျနော်နည်းနည်း ပါးစပ်ဟသွားတယ်။ Sony Ericsson 'C905' ကို Funan မှာ $888 နဲ့ ရောင်းတာ ဒီမှာ $670 နဲ့ ဝယ်လို့ရခဲ့တယ် တဲ့။ ဒီဆိုင်က Warranty တွေ GST တွေ မပါပဲ wholesale ပုံစံမျိုးကို လက်လီရောင်းလို့ အဲလိုပေါတာတဲ့။ သြော်... မှတ်သားလောက်ပါတယ်။ ဒီမှာသုံးဖို့ မဟုတ်ပဲ၊ ရန်ကုန်က မှာလို့ရှိရင် မဝယ်တောင် သွားတော့ကြည့်သင့်တဲ့ ဆိုင်တစ်ဆိုင်လို့ ထင်တယ်။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။


သြော် သြော်... မေ့လို့... ဆိုင်လိပ်စာက...

Naranjan Mobile
158 Race Course Road