ကျနော်တို့ Senior ကြီးတွေက ၂၀၀၃ ခုတုန်းက စပြီး တည်ထောင်ပေးထားခဲ့တာ။ နောက်ပိုင်း လက်ဆင့် ကမ်းပြီး သူ့နှစ်နဲ့သူ ထိန်းသိမ်းလာတာပေါ့။ ကျောင်းသားတွေထဲကပဲ စာကြည့်တိုက်မှူးအနေနဲ့ တာဝန်ယူပြီး ဖွင့်ချိန်ပုံမှန်တစ်ခု သပ်မှတ်ပြီး ဖွင့်ပေးတယ်။ တကယ်တမ်း သူငယ်ချင်းတွေ တစုကြီး စာအုပ်ပုံးတွေဝိုင်းသယ်၊ ကူဖွင့်၊ ကျောင်းမှာ ရှိတဲ့ မြန်မာတွေလာ၊ စာအုပ်တွေဖတ်၊ စကားတွေပြောနဲ့ အချိန်အတူတူ ပေးပြီး၊ အနားယူရင်း တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာအောင် ပတ်ဝန်းကျင်လေးတစ်ခု ကြိုးစားဖန်တီးထားကြတာပါ။ စာကြည့်တိုက်ပိတ်ရင်လဲ စာအုပ်ပုံးတွေ ပြန်သယ်၊ အတူတူထမင်းစားကြနဲ့ ပျော်စရာကြီး။
ဒီနှစ်ကို စာကြည့်တိုက်အတွက် စာအုပ်သစ်တွေ တပုံကြီးထပ်ဝယ်တယ်၊ စနစ်အသစ်တွေ လုပ်တယ်၊ ပြီးတော့ မနေ့က (အခုရေးနေရင်း ၁၂ ကျော်သွားတော့ "တစ်နေ့က" ပေါ့နော်) စာကြည့်တိုက် ပြန်လည်ပြင်ဆင်ပြီးတဲ့ အထိန်းအမှတ်နဲ့ ဖွင့်ပွဲလေးလုပ်တယ်။ ရှေ့နှစ်တွေက နောင်တော်ကြီးတွေလဲ လာကြတယ်။ စာကြည့်တိုက်ကို အရင်ကတည်းက ပေးထားတဲ့ "စာပေရိပ်မြုံ" ဆိုတဲ့ နာမည်ပဲ ပြန်တပ်ထားတယ်။ ဒီမြန်မာ စာကြည့်တိုက်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၃နာရီ ခွဲမှ ၅နာရီထိ Auditorium ရှေ့က ထိုင်လို့ရတဲ့ သေတ္တာပုံးတွေထဲမှာ ဖွင့်ပါတယ် ။ စာကြည့်တိုက်ကို အခုလက်ရှိ ဦးစီး ကြီးကြပ်ပေးနေသူက မောင်ကောင်းစည်သူ ဖြစ်ပါတယ်။ စာအုပ်ဖတ်ဖို့ စိတ်ပါလို့ပဲဖြစ်ဖြစ်၊ ငှားထားတဲ့စာအုပ်တွေ ပြန်မအပ်ရသေးလို့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ တွေ့ချင်လို့ပဲ ဖြစ်ဖြစ်၊ ခဏလောက်ဝင်နားချင်လို့ပဲ ဖြစ်ဖြစ် မြန်မာစာကြည့်တိုက်က နွေးထွေးပျူငှာစွာ ကြိုဆိုလျက်ပါ။ စာအုပ်များကိုလည်း မောင်ကောင်းစည်သူ (kaungsithu.spmsc@gmail.com) ထံ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ ။
