လွန်ခဲ့တဲ့ ၂ နှစ်လောက် အချိန်တုန်းက SP ကျောင်းရောက်ခါစ၊ အဖေ ဖုန်းဆက်တိုင်း ရန်ကုန်ကို မှာလေ့ရှိတာ တစ်ခုရှိတယ်။ အဲဒါ စာအုပ်တွေ။ ကျနော်က စာဖတ်ဝါသနာ ပါတယ်။ အိမ်မှာလဲ စုထားတဲ့ စာအုပ်တွေ တော်တော်များတယ်။ ဒီလာတော့ သယ်မလာနိုင်လို့ ကြိုက်တဲ့စာအုပ်ဟောင်း တစ်ချို့ပဲ ယူလာနိုင်တယ်။ အဲဒီတုန်းက မသိလိုက်တာက ကျောင်းမှာ မြန်မာ စာကြည့်တိုက်ရှိတယ်ဗျ။
ကျနော်တို့ Senior ကြီးတွေက ၂၀၀၃ ခုတုန်းက စပြီး တည်ထောင်ပေးထားခဲ့တာ။ နောက်ပိုင်း လက်ဆင့် ကမ်းပြီး သူ့နှစ်နဲ့သူ ထိန်းသိမ်းလာတာပေါ့။ ကျောင်းသားတွေထဲကပဲ စာကြည့်တိုက်မှူးအနေနဲ့ တာဝန်ယူပြီး ဖွင့်ချိန်ပုံမှန်တစ်ခု သပ်မှတ်ပြီး ဖွင့်ပေးတယ်။ တကယ်တမ်း သူငယ်ချင်းတွေ တစုကြီး စာအုပ်ပုံးတွေဝိုင်းသယ်၊ ကူဖွင့်၊ ကျောင်းမှာ ရှိတဲ့ မြန်မာတွေလာ၊ စာအုပ်တွေဖတ်၊ စကားတွေပြောနဲ့ အချိန်အတူတူ ပေးပြီး၊ အနားယူရင်း တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာအောင် ပတ်ဝန်းကျင်လေးတစ်ခု ကြိုးစားဖန်တီးထားကြတာပါ။ စာကြည့်တိုက်ပိတ်ရင်လဲ စာအုပ်ပုံးတွေ ပြန်သယ်၊ အတူတူထမင်းစားကြနဲ့ ပျော်စရာကြီး။
ဒီနှစ်ကို စာကြည့်တိုက်အတွက် စာအုပ်သစ်တွေ တပုံကြီးထပ်ဝယ်တယ်၊ စနစ်အသစ်တွေ လုပ်တယ်၊ ပြီးတော့ မနေ့က (အခုရေးနေရင်း ၁၂ ကျော်သွားတော့ "တစ်နေ့က" ပေါ့နော်) စာကြည့်တိုက် ပြန်လည်ပြင်ဆင်ပြီးတဲ့ အထိန်းအမှတ်နဲ့ ဖွင့်ပွဲလေးလုပ်တယ်။ ရှေ့နှစ်တွေက နောင်တော်ကြီးတွေလဲ လာကြတယ်။ စာကြည့်တိုက်ကို အရင်ကတည်းက ပေးထားတဲ့ "စာပေရိပ်မြုံ" ဆိုတဲ့ နာမည်ပဲ ပြန်တပ်ထားတယ်။ ဒီမြန်မာ စာကြည့်တိုက်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၃နာရီ ခွဲမှ ၅နာရီထိ Auditorium ရှေ့က ထိုင်လို့ရတဲ့ သေတ္တာပုံးတွေထဲမှာ ဖွင့်ပါတယ် ။ စာကြည့်တိုက်ကို အခုလက်ရှိ ဦးစီး ကြီးကြပ်ပေးနေသူက မောင်ကောင်းစည်သူ ဖြစ်ပါတယ်။ စာအုပ်ဖတ်ဖို့ စိတ်ပါလို့ပဲဖြစ်ဖြစ်၊ ငှားထားတဲ့စာအုပ်တွေ ပြန်မအပ်ရသေးလို့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ တွေ့ချင်လို့ပဲ ဖြစ်ဖြစ်၊ ခဏလောက်ဝင်နားချင်လို့ပဲ ဖြစ်ဖြစ် မြန်မာစာကြည့်တိုက်က နွေးထွေးပျူငှာစွာ ကြိုဆိုလျက်ပါ။ စာအုပ်များကိုလည်း မောင်ကောင်းစည်သူ (kaungsithu.spmsc@gmail.com) ထံ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ ။
07 January, 2009
စာပေရိပ်မြုံ @ SP
03 January, 2009
ကြုံခဲ့သမျှ
ဒီနေ့ မနက်ခင်းက ကျောင်းမှာ မောင် Harry တစ်ယောက် ကြက်တောင်ရိုက် ပြိုင်ပွဲ စီစဉ်ပေးရင်း အတွက်ချာလပတ်ရမ်းနေတယ်။ ကွင်းတွေက အဆင်မပြေ၊ လူတွေက ပေါ်မလာနဲ့ အာရုံတွေ နောက်နေတယ်။ ဒီလိုနဲ့ ပွဲကတော့ ပြီးသွားတယ်။ မောင်အောင်သူမိုးက မနက်ကတည်းက ပွဲမှာ အားတက်သရော လာကူပေးတယ် (ကျေးဇူး သယ်ရင်းရေ)။ ပွဲအပြီးကျတော့ တခြားသူတွေနဲ့ ကျောင်းမှာ Pizza ကိုအငမ်းမရစားပြီး အဆီရစ်နေကြတယ်။ ခဏကြာတော့ တော်တော်များများ ပြန်သွားကြရော။ အချိန်က ညနေ၅ နာရီလောက်ပဲ ရှိသေးတော့ အိမ်ကိုလဲ မပြန်ချင်သေးဘူး။ အောင်သူမိုးက သူလဲ အိမ်မပြန်ချင်သေးဘူး ဘာညာနဲ့ ညည်းနေရော။ ဒါနဲ့ နှစ်ယောက်သား SALC မှာ မြန်မာ များ တစ်ယောက်တစ်လေ တွေ့လိုတွေ့ငြား သွားပြီး ထိုင်နေကြတယ်။ ပြီးတော့ ဝကစ် (ရဲနိုင်ဇော်) က သူလဲကျောင်းမှာ ရှိတယ်ဆိုတာနဲ့ လှမ်းခေါ်လိုက်တယ်။ အဲကောင် ရောက်လာတော့ ဘယ်သွားမလဲ ဘာစားမလဲ ဘာလုပ်မလဲတိုင်ပင်ကြရာမှာ ညှိမရဖြစ်ရော။ အစက City Hall သွားမယ် လက်ဘက်ရည်သွားသောက်မယ်တဲ့။ ဒါပေမယ့် ခုဏမှစားထားကြတာဆိုတော့ အဲဒါကို အာရုံမလာနိုင်ကြဘူးဖြစ်နေတယ်။ နောက်တော့ ပြန်မယ်ကွာ ဆိုပြီး သုံးယောက်သား ကျောင်းဝကို ထွက်လာကြတယ်။ ကျောင်းနဲ့ ဆန့်ကျင်ဘက်လမ်းကို ကူးမယ်၊ Bus Stop ရောက်တာနဲ့ တွေ့တဲ့ကားတက်မယ်၊ ဆင်းချင်တဲ့ ဂိတ်ကျ ဆင်းမယ်၊ အဲမှာပဲ လျှောက်ပတ်မယ် ဆိုပြီး ညှိလို့ရသွားတယ်။ ညကြီးအချိန်မတော် သုံးယောက်သား ဒီနေရာပဲ ပြန်ပြန်ရောက်နေရင်တော့ ပြီးပြီလို့တောင် တွေးမိလိုက်သေးတယ်။
အပေါက်ရောက်တော့ ပြန်ဖောက်လာပြန်ရော၊ ပြန်ချင်သေးဘူးကွာ လျှောက်သွားချင်တယ်တဲ့။ ဟုတ်တယ် ငါလဲ မပြန်ချင်သေးဘူး ဒါပေမယ့် ဘယ်သွားရမှန်းလဲ မသိဘူးဆိုပြီး သွားမယ့်နေရာအတွက် အကြံထုတ်ကြတယ်။ အောင်သူမိုးက ကမ်းခြေမှ ကမ်းခြေတဲ့။
ဇာတ်လမ်းက ဒီမှာစတာ... အပြန်လမ်းကို ရွေးကြတော့ MRT နဲ့ပြန်မယ်ဆိုပြီး မြေပုံကြည့်လိုက်တယ်။ အဲဒါ မြေပုံမှာ ကြည့်တော့ တောလမ်းတစ်ခုကို လမ်းညွန်ထားတယ်။ အောင်သူမိုးကတောင် အောက်ကို တွေ့လို့တွေ့ညားဆိုပြီး အဲဒီနားက မှန်ဘီလူးတစ်ခုကို အကြွေစေ့ထည့်လိုက်သေးတယ်။ တစ်ကြပ်စေ့ပဲ ဆုံးသွားတယ် မှန်ဘီလူးက အလုပ်မလုပ်ဘူး။ ဒါနဲ့ အောင်သူမိုးက မြင်ရအောင်ကြိုးစားနေချိန်မှာ ဝကစ်နဲ့ ကျနော်နဲ့ လမ်းအစကို ဝင်သွားရော။ အားပါးးး လမ်းက နည်းနည်းနောနော မှောင်တာမဟုတ်ဘူး။ ဘာမှကို မမြင်ရဘူး။ အဝင်ဝမှာလဲ ဆိုင်းပုဒ်တွေနဲ့။ သစ်ကိုင်းကြိုးကျတတ်သည် တဲ့။ အောင်သူမိုးက သူ့မှာ ဖုန်းပါတယ် မြင်ရမှာပါဆိုပြီး စမ်းလျှောက်ကြတယ်။ လမ်းက ပိုပိုပြီး မှောင်လာတယ်။ တောက ပိုပိုပြီး နက်လာတယ်။ ဘာမှကို မမြင်ရတော့ဘူး။ လူဆိုတာလဲ မရှိဘူး။ ဘေးနားကလဲ အသံမျိုးစုံနဲ့။ တကယ့် တောနက်ထဲရောက်သွားတဲ့ အတိုင်းပဲ။ လှေကားထစ်တွေက တွေ့တစ်ချက် မတွေ့တစ်ချက်နဲ့။ ဒီလိုနဲ့ သွားလိုက်ရာမှာ လမ်းခွတစ်ခုတွေ့တယ်။ အဲဒီမှာ တော်တော်ပြာသွားတယ်။ မှောင်ကြီး မဲကြီး လမ်းမှားရင် ရွာတော့ လည်ပါပြီပေါ့။ ကြက်သီးကလဲ ဘာကြောင့်မှန်းမသိဘူး တဖြန်းဖြန်းနဲ့။ အောင်သူမိုး က Hip Hop အကြောင်း မဆီမဆိုင် ထပြောတယ်။ ကျနော်လဲ ဘာရယ်မဟုတ်ဘူး ပြန်ဖြေတယ်။ အသံက အားတင်းပြီး ပြောနေကြတဲ့ အသံတွေနဲ့။ ဝကစ်က စကားသိပ်မပြောဘူး။ သုံးယောက်သား တပူးပူးနဲ့ လျှောက်လာတာ အရမ်းကို မည်းနက်လာတယ် တောလမ်းက။ နောက်ဆုံး ဖုန်းနဲ့ မရတော့ ကျနော့် Camera က အလင်းနဲ့ လျှောက်ကြတယ်။ ဒါလဲ ရေးတေးတေးပဲ မြင်ရတယ်။ လျှောက်ရင်းနဲ့ လမ်းခွနောက်တစ်ခုတွေ့တယ်။
ဟူး... တော်ပါသေးရဲ့ မောင် Harry မျက်စိမလည်လို့ ဒီ post ရေးနိုင်တာ။ နို့မဟုတ်ရင် အဲဒီမှာတင်ရွာလည်နေပြီ။ ကြောက်စိတ်က လူကို ရုတ်ချည်းဖမ်းစားနိုင်မှန်းသိတယ်။ အဲဒါကို ကြိတ်ပြီး ကျော်ဖြတ်လိုက်လို့ ပြီးသွားတဲ့ အရသာလဲ တော်တော်မိုက်တယ်။ အဲဒီလိုမခံစားရတာ ကြာပြီ။ ပြီးတော့လဲ ပြီးသွားတာပဲ။ အတွေ့ကြုံလေးတွေ အမှတ်ရစရာလေးတွေ ရတာပေါ့။ ဒီနေ့ဖြစ်ခဲ့တာမှာဆိုရင် ဘာကို ကြောက်မှန်းတော့ မသိဘူး ဒါပေမယ့် မင်းကြောက်တတ်ပါတယ်ကွာလို့ သတိပေးခံလိုက်ရသလိုပဲ။ ။
02 January, 2009
Happy New Year!!!
နှစ်သစ်ရောက်ပြီ။ ၂၀၀၉ တဲ့။ ဂဏန်းတွေကသာ တိုးလာတယ် နှစ်တွေက နုပျိုနေသေးပါလား။ တစ်နှစ်ပြီး တစ်နှစ် ကုန်ခဲ့တဲ့ရက်တွေ ပြန်လှည့်ကြည့်လိုက်ရင် တမျှော်တစ်ခေါ်ကြီး။ ရောက်လာမယ့် ရက်တွေနဲ့ ရှေ့ကို ကြည့်လိုက်ရင်...... ဘာမှမမြင်ရဘူး။ နက်ဖြန်ဆိုတာ ဘယ်လိုပုံလဲ မသိရဘူး။ ဒါပေမယ့် ကျနော်တို့တတွေ ပုံရိပ်တွေ တသီကြီးဖော်ထားကြတယ်။ လမ်းဆုံးကို မမြင်ရပေမယ့် ပန်းတိုင်တွေ ရှိနေတယ်။ မသေချာမှုတွေကြားက သေချာနေတယ်။ အဖြစ်ပျက်တွေ အတိကျ မသိရပေမယ့် လျာထားချက်တွေ ပြည့်နေတယ်။ ကောင်းပါ၏။ တစ်နှစ်လုံးစာ မျှော်မှန်းထားတဲ့ ပန်းတိုင်တွေကို ရောက်ရှိပြီး အောင်မြင်မှုတွေနဲ့ ဆုံတွေ့နိုင်ကြပါစေ။ ။
