ကျောင်းကနေ နေ့လည် ၁ နာရီလောက်ကို လူစုပြီး ရာဘာလက်အိတ်တွေ ဖိနပ်တွေ ယူကြတယ်။ ပြီးတော့ ကားနဲ့ အဲဒီကို သွားကြတယ်။ ကားပေါ်မှာ ဒီ trip ကို ဦးဆောင်ပြီး စီစဉ်ပေးတဲ့ Siswanto က ဒီ tour နဲ့ ပက်သတ်တာ ရှင်းပြတယ်။ ဒီရေတောတွေ တိုက်စားလို့ ကမ်းတွေပြိုကျတာကို အဲဒီ ဒီရေတော အပင်တွေက ကာကွယ်တယ်တဲ့။ အဲဒီအပင်ပေါက်လေးတွေကို ကျနော်တို့က ရေကျသွားတဲ့အခါ နေရာပြောင်းပြီးစိုက်ပေးဖို့ လုပ်အားသွားပေးကြတာ။
အဲဒီရောက်တော့ နေက အသေပူတယ်။ ကျနော် မောင် Harry တစ်ယောက် လည်ပင်းမှာ camera ဆွဲပြီး ရသမျှပုံတွေ လိုက်ရိုက်ခဲ့တယ်။ ခဏနားပြီး တာဝန်ရှိသူနောက် တစ်ဖွဲ့ကြီး လိုက်သွားကြတယ်။ တောလမ်းလေးအတိုင်းလိုက်သွားလိုက်တာ ခဏကြာတော့ ရွံ့ပြင်ကြီးတစ်ခုဆီရောက်သွားတယ်။ အဲဒီရွံ့တွေက ဒီရေကျသွားလို့ မာပေမယ့် တချို့နေရာတွေက တော်တော်ပျော့နေတယ်။
အဲဒီက တာဝန်ရှိလူက ဂရုစိုက်ဖို့၊ ရေသောက်ဖို့၊ ရုတ်တရက် နွံ့နစ်သွားရင် မလန့်ဖို့၊ ချုံတွေနားမသွားဖို့ စတဲ့ အရေးကြီး သတိပြုစရာတွေကို မှာထားတယ်။ အလုပ်ကို တစ်နာရီစီ ခွဲပြီး လုပ်ရမယ်တဲ့။ မှာစရာတွေ မှာပြီးတော့ ကျနော်တို့ တစ်ဖွဲ့လုံး ရွံ့ပြင်ကြီးထဲဆင်းပြီး တူးဆွ သယ်ဖို့တဲ့ လုပ်ငန်းကို စကြတယ်။ အပင်ကို အမြစ်နားက တူးပြီး ပလတ်စတစ်အိတ်ထဲကို ထည့်ကြရတယ်။ အဖွဲ့တွေ ခွဲပြီး အပင်တွေတူးလိုက်တာ တစ်နာရီလောက်ကြာတော့ အပင် ၆၈ ပင်ထိန်းသိမ်းနိုင်ခဲ့တယ်။
ခဏနားမယ်ဆိုပြီး အတက်မှာ မိုးတွေ မည်းတက်လာပြီး ရွာပါလေရော။ အကုန် ခေါင်းအုပ်ပြီး ပြေးကြရတယ်။ ကျနော်တို့ရဲ့ ၂ နာရီအလုပ်ကတော့ မိုးကြောင့် ၁ နာရီနဲ့ လက်စသတ်ခဲ့ရတယ်။ နားနေတဲ့ နေရာရောက်တော့ အကုန် ကြွက်စုတ်လေးတွေကို ဖြစ်လို့။ ရေစိုတွေနဲ့ကို ခဏနားရင်း ထမင်းစားကြပြီး ညနေ ၅နာရီလောက်ကျ တစ်ဖွဲ့လုံး ပြန်လာခဲ့ကြတယ်။
ရှုခင်းတွေလဲ တော်တော်သာယာတယ်။ ဖွတ်ကြီးတွေလဲ ဘေးမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဖြတ်သွားတာတွေ live အနီးကပ် မြင်ရတယ်။ သဘာဝထိန်းသိမ်းရေး အစီစဉ်လဲ ပါဝင်ခွင့်ရတယ်။ အတွေ့ကြုံတွေ တော်တော်ရတယ်။ ဒီအတိုင်းသွားကြည့်ရင်လဲ ရတဲ့အတွက် သွားရောက်လည်ပတ်ဖို့ အကြံပြုလိုတယ်။ သွားကြည့်ဗျာ.. လန်းဆန်းသွားမယ်။ =D
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။
